ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာရဲ့နေရာမှာ ရေရှည် အစားထိုးသွားနိုင်ဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်တို့ကို စောင့်ကြည့်နေတယ်လို့ ESPN ကနေ ဖော်ပြလာပါတယ်။

Photo Credit : Goal

၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်ကနေ ရီးယဲလ်အသင်းဆီကို ရောက်ရှိနေခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်သလို အသင်းနဲ့လည်း ဒီနှစ် ဇွန်လမှာပဲ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ ဘန်ဇီမာကို သက်တမ်းတိုးသွားဖို့ ရှိနေပေမယ့်လည်း ဘန်ဇီမာက ဒီနောက်ပိုင်းမှာ ဒဏ်ရာပြသာနာတွေလည်း ရှိနေတာကြောင့် ကာလတိုသာ သက်တမ်းတိုးဖွယ် ရှိနိုင်သလို လာမယ့် ဘောလုံးရာသီမှာပါ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးပါ ခေါ်ယူဖွယ်လည်း ရှိလာနိုင်ပါတယ်။

 

နာမည်ကြီး အားကစား သတင်းမီဒီယာကြီးဖြစ်တဲ့ ESPN ရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းက ဘန်ဇီမာနေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် ဗလာဟိုဗစ်နဲ့ ရစ်ချာလီဆန်တို့ကို ချိန်ရွယ်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ဦးထဲမှာတော့ ဂျုဗင်တပ်စ်ရဲ့ တိုက်စစ်ကစားသမား ဗလာဟိုဗစ်က လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိလို့နေပြီး ရစ်ချာလီဆန်ကတော့ အခုရာသီမှသာ စပါးကို ရောက်ရှိထားတာဖြစ်လို့ သူ့ကို ခေါ်ယူဖို့က ခက်ခဲနိုင်ပါတယ်။ လက်ရှိ ရီးယဲလ်တိုက်စစ်မှာ ဘန်ဇီမာအပြင် ဗင်နီစီယပ်စ် ရိုဒရီဂို ဟာဇက် အဆန်စီယို မာရီယာနိုဒီးယက်ဇ်တို့ ရှိနေပေမယ့် ဟာဇက်နဲ့ အဆန်စီယိုတို့ရဲ့ အနာဂတ် အခြေအနေက မရေမရာသလို ဗင်နီစီယပ်စ်နဲ့ ရိုဒရီဂိုတို့ကလည်း တောင်ပံတွေမှာသာ ပိုမို ခြေစွမ်းပြနိုင်သူတွေ ဖြစ်နေတာမို့ ဘန်ဇီမာသာ ဒဏ်ရာရနေရင် ဒီးယက်ဇ်ထက် ပိုမိုပြီး အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ရေရည် အစားထိုးနိုင်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီးယဲလ်အနေနဲ့ ဗလာဟိုဗစ် ရစ်ချာလီဆန်တို့ထဲက တစ်ဦးဦးကို ခေါ်ယူသွားဖို့ ချိန်ရွယ်လာတာဖြစ်ပြီး လက်ရှိ အခြေအနေအရ ဗလာဟိုဗစ်က ခေါ်ယူဖို့ ဖြစ်နိုင်ခြေ ပိုများနေပါတယ်။