ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ရဲ့ အဓိကတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ပြင်သစ်နဲ့ အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကို လက်လွှတ် ဆုံးရှုံးထားရသလို နောက်ထပ် ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာတို့ကလည်း လာမယ့် ၁နှစ် အတွင်းမှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြသစ် အင်နရီကေးတို့က ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားကြပြီး ပီအက်စ်ဂျီက ရှကရီညာ ၊ လူးကပ် ဟာနန်ဒက်ဇ် ၊ အူဂါတီ ၊ အဆန်စီယို ၊ ကန်အင်လီ စတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်အတွက် ထိပ်တန်း တိုက်စစ်မှူး ၁ဦး ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

ပီအက်စ်ဂျီရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားပြီးနောက် ယနေ့ညပိုင်းမှာတော့ ပီအက်စ်ဂျီဟာ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိသွားခဲ့ပါပြီ။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Foot Mercatoရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ယနေ့ညမှာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး ပီအက်စ်ဂျီက ဗလာဟိုဗစ်ကို ၁နှစ် လုပ်ခလစာ ယူရို ၁၁သန်း + အပိုဆုကြေးတွေ ပေးချေဖို့ သဘောတူထားကြောင်း သိရပါတယ်။

ပီအက်စ်ဂျီက ဗလာဟိုဗစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဗလာဟိုဗစ် အတွက် ဂျူဗင်တပ်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပြီး ဂျူဗင်တပ်က ဗလာဟိုဗစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း အထိ လိုချင်နေပါတယ်။