MySport Myanmar

ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ဖို့ ၃၂စက္ကန့်ပဲ စောင့်ခဲ့ရတဲ့ ဗလာဟိုဗစ်

အီတလီ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဗလာဟိုဗစ်ဟာ သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ချန်ပီယံလိဂ်ပွဲ အဖြစ် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲမှာ ပါဝင် ကစားခွင့် ရခဲ့ပြီး ကစားသမား ဘဝ ပထမဦးဆုံး ချန်ပီယံလိဂ် သွင်းဂိုးကို ရရှိဖို့လည်း စက္ကန့် ၃၀ကျော်သာ စောင့်ဆိုင်းခဲ့ရပါတယ်။

ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် အဖြစ် ဗီလာရီးရဲလ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်ဟာ ဗလာဟိုဗစ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပါရီဟိုက ဗီလာရီးရဲလ် အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့တာကြောင့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ကာ နောက်တဆင့်ကို ဘယ်အသင်းက တက်ရောက်နိုင်မလဲ ဆိုတာကိုတော့ တူရင်မြေမှာ အဖြေရှာရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Football Italia

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် ဂျူဗင်တပ်က ဗလာဟိုဗစ်ရဲ့ တိကျတဲ့ အဆုံးသတ်ကြောင့်ပဲ ပွဲအစ ၃၂စက္ကန့်မှာတင် ဦးဆောင်ဂိုး စတင် ရရှိခဲ့ကာ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဗီလာရီးရဲလ်ဘက်က ချေပဂိုး ရရှိဖို့ တင်ကစားလာခဲ့ပြီး ပွဲကစားချိန် ၆၆မိနစ်မှာတော့ ပါရီဟိုက အဖိုးတန် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

စပိန်မြေမှာ အဖိုးတန် သွင်းဂိုး တဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဗလာဟိုဗစ် အတွက် ဒီပွဲစဉ်ဟာ အတော်လေးကို အမှတ်တရ ဖြစ်စေမယ့် ပွဲတပွဲ ဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲဟာ ဗလာဟိုဗစ် အတွက် ကစားသမား ဘဝမှာ ပထမဦးဆုံး ကစားရတဲ့ ချန်ပီယံလိဂ်ပွဲ ဖြစ်သလို ပထမဦးဆုံး ချန်ပီယံလိဂ် သွင်းဂိုးကို ရခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

Photo Credit: Football Italia

ဒါ့အပြင် ဗလာဟိုဗစ်ဟာ အီတလီ တိုက်စစ်မှူး ဇာဇာ ပြီးနောက် ဂျူဗင်တပ်ရဲ့ ကျောနံပါတ် ၇တွေထဲမှာ ပထမဦးဆုံး ချန်ပီယံလိဂ်ပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား အဖြစ်လည်း စံချိန်မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။

Exit mobile version