ရာဖေးလ်ဘင်နီတက်ဇ်ကို အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ နည်းပြပေါင်းများစွာနဲ့ သတင်းထွက်လာခဲ့ရတဲ့ အဲဗာတန်အသင်းဟာ လတ်တလောမှာ အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်ကိုပဲ ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး အမြဲတမ်းနည်းပြတစ်ဦးပါ ရှာဖွေလျက် ရှိနေရာ လက်ရှိမှာတော့ အသင်းကနေ အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ တွေ့ဆုံဆွေးနွေးဖူခဲ့တဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ ဗစ်တာပပယ်ရဲရားကို ထပ်မံဆက်သွယ်နေသလို ဒီတစ်ကြိမ်တော့ ပါရဲယားကိုယ်တိုင်ကလည်း အဲဗာတန်နည်းပြရာထူးကို တာဝန်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Vitor Pereira was most recently in charge of Fenerbahce, leaving the Turkish club last month

Photo Credit : Daily Mail

ပေါ်တိုအသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ ပယ်ရဲရားဟာ ကလပ်အသင်းများစွာကို ကိုင်တွယ်ဖူးထားသူဖြစ်ပြီး ပေါ်တို ဖီနာဘာချီ အိုလံပီယာကော့စ်တို့လို ဥရောပ ကလပ်အသင်းတွေအပြင် အယ်လ်အာလီနဲ့ ရှန်ဟိုင်းSIPG တို့လို အာရှထိပ်သီး အသင်းတွေကိုပါ ကိုင်တွယ်ခဲ့ဖူးပါတယ်။ ပေါ်တိုအသင်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ၂၀၁၃ခုနှစ်မှာ ပယ်ရဲရားကို အဲဗာတန်အသင်းကနေ စတင်ဆက်သွယ်လာခဲ့ပြီး ဒေးဗစ်မွိုက်စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆွေးနွေးမှုတွေပါ ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ပယ်ရဲရားဟာလည်း ဆော်ဒီကလပ် အယ်လ်အာလီအသင်းကိုသာ ရောက်ရှိသွားခဲ့ရပါတယ်။

Pereira, 53, has impressed Everton's hierarchy in talks with the Merseyside club in recent days

Photo Credit : Daily Mail

နည်းပြပယ်ရဲရား တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းSIPGအသင်းကို ကိုင်တွယ်နေချိန် ၂၀၁၉ခုနှစ်မှာလည်း အဲဗာတန်အသင်းကနေ ဒုတိယအကြိမ်အဖြစ် ထပ်မံချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့ပေမယ့် ပယ်ရဲရားက ပယ်ချခဲ့ပြီး ရှန်ဟိုင်းအသင်းမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလကတည်းကနေ တစ်နှစ်နီးပါးလောက်ကို အသင်းလက်မဲ့ ဖြစ်နေရတဲ့ ပယ်ရဲရားကို အဲဗာတန်အသင်း တာဝန်ရှိသူတွေက ထပ်မံကြိုးပမ်းလာခဲ့တာကြောင့် ဒီတစ်ကြိမ်မှာရော အဲဗာတန်နည်းပြရာထူးကို လက်ခံပါ့မလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ပယ်ရဲရားဟာ အဲဗာတန်အသင်း ဘုတ်အဇွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အင်္ဂလန်နိုင်ငံဆီကို ရောက်လာတော့မှာဖြစ်ပြီး စာချုပ်ကိစ္စ နည်းပြအဖွဲ့ဝင်တွေနဲ့ အသေးစိတ် အချက်အလက်တွေကို အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်ဖို့ ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ နည်းပြဘဝ ဖြတ်သန်းမှုအတွင်း ပေါ်တို ဖီနာဘာချီတို့လို အသင်းတွေကို ကိုင်တွယ်ထားခဲ့ဖူးပေမယ့် High Profile မရှိတဲ့ ဗစ်တာ ပယ်ရဲရားကိုသာ အဲဗာတန်အသင်းကနေ အသင်းနည်းပြအဖြစ် ခန့်အပ်ဖြစ်ခဲ့ရင် လက်ရှိ အဲဗာတန်အသင်း ရင်ဆိုင်နေရတဲ့ ရလဒ်ဆိုးတွေကနေ လွတ်မြောက်သွားနိုင်မလား ဒါမှမဟုတ် ပိုဆိုးသွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။