ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဗီတင်ညာက သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူတို့တွေနဲ့အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သေချာပေါက် ပါဝင်ဆင်နွဲသွားလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ် ရှိနေပြီ ဖြစ်သလို မကြာခင်မှာပဲ အသက် (၄၀)ပြည့်တော့မယ့် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံး လုံးဝ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ဘဲ မှတ်တမ်းဆိုးတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : TNT Sports

ဒီလို အသင်းအတွက် စွမ်းဆောင်မပြနိုင်တဲ့ ရော်နယ်လ်ဒိုကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် ရော်နယ်လ်ဒိုကတော့ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူခြင်း မရှိပဲ ကစားသမားဘဝရဲ့ သွင်းဂိုးစုစုပေါင်း (၉၀၀)ပြည့် သွင်းဂိုးကိုပါ ပေါ်တူဂီအတွက် ကစားပေးရင်းနဲ့ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလျှော့မပေးတက် အရှုံးမပေးတက်တဲ့ စိတ်ဓါတ်တွေနဲ့ ရော်နယ်လ်ဒိုက လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအထိပါ သူတို့ ပေါ်တူဂီအသင်းအတွက် ကစားပေးလိမ့်မယ်လို့ ဗီတင်ညာက ပြောဆိုလာခဲ့ပါတယ်။ “(၃၉)နှစ်နဲ့ နိုင်ငံအသင်းရဲ့ ပွဲထွက် ကစားသမား ဖြစ်နေတဲ့သူ။ သူရဲ့ ဒီလောက်အကြာကြီး ကစားနိုင်မှုကို သူကိုယ်တိုင် ပြောပြထားပြီးသားမို့ ကျွန်တော် ရှင်းပြစရာတောင် မလိုတော့ပါဘူး။”

Photo Credit : Onze Mondial

“ဒါက သူလုပ်သမျှ အရာတိုင်းမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ဆောင်တယ်ဆိုတာကို တွေးမိလာစေပါတယ်။ မနက်ခင်းတိုင်း ညတိုင်း သူ့ဘောလုံးသမားဘဝရဲ့ နေ့ရက်တိုင်းက မယုံနိုင်စရာပါဘဲ။ သူ လုပ်ရမယ့် အလုပ်တွေကို လုပ်ဖို့အတွက် အားစိုက်ထုတ်ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေကိုလည်း တွေးမိနိုင်ပါတယ်။”

“ဒါတွေက သူ့ကို ဒီအသက်အရွယ်မှာ ဒီလိုအခြေအနေမျိုး ထိန်းထားနိုင်တာလို့ ကျွန်တော် ထင်မိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ခပ်ငယ်ငယ်တုန်းကဆိုရင် တစ်နေ့မှာ သူနဲ့ တွဲဖက်ကစားရဖို့ စိတ်ကူးယဉ်ခဲ့ရတာမို့ အခု ဒီလို ဖြစ်လာခဲ့ရတာက ကျွန်တော်တို့အတွက် တကယ့် အခွင့်ထူးပါပဲ။ ကံကောင်းစွာနဲ့ ကျွန်တော် သူနဲ့အတူ နှစ်အတော်ကြာ ကစားခဲ့ရတယ်။ နောက်ပြီး သူ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း သေချာပေါက် ကစားလိမ့်မယ်။ သူ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။” လို့ ဗီတင်ညာက သုံးသပ်သွားခဲ့ပါတယ်။