MySport Myanmar

ဘာပေ မရှိတော့တဲ့ ပီအက်စ်ဂျီက ပိုပြီးတော့ ကောင်းလာကြောင်း ဗီတင်ညာ ဖွင့်ဟ

ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကစားသမား ဗီတင်ညာက ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေ မရှိတော့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဘာပေ ရှိနေတုန်းကထက်တောင် ပိုပြီးတော့ ကောင်းမွန်လာတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီနွေမှ ပီအက်စ်ဂျီကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာတဲ့ ဘာပေဟာ လွန်ခဲ့တဲ့ ၂၀၁၇ကတည်းက ပီအက်စ်ဂျီမှာ စတင် ကစားနေခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ (၇)ရာသီအထိ ဖြတ်သန်းခဲ့သလို ပြည်တွင်းဆုဖလားတွေ အားလုံးရယူနိုင်ခဲ့တဲ့အပြင် ပီအက်စ်ဂျီအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : PSG Talk

အခုတော့ ဘာပေက ရီးယဲလ်ကစားသမား ဖြစ်နေသလို ပီအက်စ်ဂျီကလည်း ဘာပေလို ထိပ်တန်းကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ လက်လွတ်လိုက်ရပါတယ်။ ပီအက်စ်ဂျီဟာ သိပ်မကြာသေးခင်ကထိ အသင်းတိုက်စစ်မှာ မက်ဆီ နေမာ ဘာပေဆိုတဲ့ တိုက်စစ်အတွဲအဖက်ကို ပိုင်ဆိုင်ခဲ့ရပေမယ့် အခု ဒီကစားသမား အားလုံးက တခြားအသင်းတွေဆီကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

လက်ရှိ ပီအက်စ်ဂျီ တိုက်စစ်မှာ ဒမ်ဘီလီ ဘာကိုလာ ရာမို့စ် လီကန်အင် ဒူဟေးတို့ ပါဝင်နေကြပြီး မကြာသေးခင်ကလည်း နာပိုလီက တောင်ပံကစားသမား ခွာရတ်စကယ်လီယာကိုပါ ခေါ်ယူခဲ့ပါသေးတယ်။ အခု ပီအက်စ်ဂျီ တိုက်စစ်မှာ မက်ဆီ နေမာ ဘာပေတို့လို လုံးဝ ဒိတ်ဒိတ်ကြဲ big name players တွေ မရှိတော့သလို ဘာပေ တစ်ဦးတည်းကိုပဲ မှီခိုနေရတဲ့ အသင်းမျိုးကနေ ပုံစံပြောင်းလာခဲ့ပါတယ်။

Photo Credit : Goal

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာပေရဲ့ အသင်းဖော်ဟောင်း ဗီတင်ညာက “ဒါက မတူခြားနားတဲ့ ရာသီတစ်ခုပါ။ အဲ့ဒါကို ပြောပြဖို့ ကျွန်တော်တို့မှာ ပြဿနာ မရှိပါဘူး။ ကီလီယန်က အကောင်းဆုံး မဟုတ်ရင်တောင်မှ အကောင်းဆုံးတွေထဲက တစ်ဦးပါ။ ခက်ခဲမယ်ဆိုတာလည်း သိထားပါတယ်။ သူ့နေရာအတွက်ကိုလည်း တိုက်ရိုက် အစားမထိုးနိုင်ခဲ့ဘူး။”

“ဒါပေမယ့် သူ့နေရာအတွက် ကစားသမားနဲ့ အစားမထိုးဘဲ တစ်သင်းလုံးနဲ့ အစားထိုးလိုက်တယ်။ ဒါ ကျွန်တော်တို့ လုပ်ခဲ့တာ။ အချိန်တော့ ယူခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီလို စုပေါင်းလုပ်ဆောင်နေတာက ပိုပိုပြီး ကောင်းတယ်ဆိုတာကိုလည်း ပြသထားနိုင်ခဲ့ပါသေးတယ်။ တစ်ခါတစ်ရံမှာ ဂိုးတွေ မရတက်ပေမယ့်လည်း ကျွန်တော်တို့မှာ ထူးခြားကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေ အများကြီး ရှိနေပါတယ်။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Exit mobile version