ပြီးခဲ့တဲ့ စနေ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း မန်စီးတီးအသင်းက သရေကျခဲ့ရပြီး လီဗာပူးလ်အသင်းက အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက လီဗာပူးလ်အသင်းဟာ ဇယားထိပ်ဆုံး မန်စီးတီးအသင်းနဲ့ (၉)မှတ်သာ ကွာဟတော့တဲ့အပြင် လက်ကျန်ပွဲစဉ် တစ်ပွဲကိုပါ အနိုင်ရလိုက်မယ်ဆိုရင် အမှတ်ကွာဟမှုကို (၆)မှတ်အထိ လျှော့ချသွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ ခံစစ်မှူး ဗန်ဒိုက်ကတော့ ဒီလို အမှတ်ကွာဟချက်တွေ ရှိလာနိုင်ပေမယ့် ပြိုင်ဘက်အသင်းအပေါ် အာရုံထားနေမှာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The Reds are nine points behind Premier League leaders Manchester City, with a game in hand

Photo Credit : Daily Mail

ပရီးမီးယားလိဂ်မှာ (၁၂)ပွဲဆက်တိုက်အထိ နိုင်ပွဲတွေ တောက်လျှောက်ရရှိနေတဲ့ မန်စီးတီးအသင်းဟာ ဆောက်သမ်တန်အသင်းကို စိန့်မေရီကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း တစ်ဖက်ကို တစ်ဂိုးစီ သရေကျသွားခဲ့ပြီးနောက် သူတို့အသင်းကို အဓိက ဖိအားပေးနေတဲ့ လီဗာပူးလ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ နိုင်ပွဲရယူခဲ့တာကြောင့် အသင်းနှစ်သင်းကြား အမှတ်ကွာဟချက်က (၉)မှတ်အထိ ရှိသွားခဲ့ရပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ Boxing Day နေ့မှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ကို ပွဲရွှေ့ဆိုင်းထားခဲ့ရတာကြောင့် အဲ့ဒီပွဲ ပြန်လည်ကစားချိန်မှာ နိုင်ပွဲရခဲ့မယ်ဆိုရင် နှစ်သင်းကြား အမှတ်ကွာဟမှုက (၆)မှတ်သာ ရှိတော့မှာ ဖြစ်ပါတယ်။

Virgil van Dijk opened the scoring in Liverpool's 3-1 away win over Crystal Palace on Sunday

Photo Credit : Daily Mail

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လီဗာပူးလ် နောက်ခံကစားသမား ဗန်ဒိုက်က “အမှတ်ပေးချန်ပီယံဆုနဲ့ ပတ်သက်ပြီးတော့ ဒါကို စိတ်ထဲမှာ ရှိနေတယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုပါပဲ ကျွန်တော်တို့တွေ ပွဲစဉ် တစ်ပွဲပြီးတစ်ပွဲကိုသာ သေချာကစားသွားရမှာပါ။ ဒါက နည်းနည်း ငြီးငွေ့စရာကောင်းတယ်လို့ ထင်ရပေမယ့်လည်း ကျွန်တော်တို့ကတော့ သူတို့ရဲ့ အခြေအနေကို ကြည့်ရှုနေမှာ မဟုတ်ပါဘူး။ ကစားရဖို့ ပွဲစဉ်တွေကလည်း အများကြီးကို ရှိနေပါသေးတယ်။ ကျွန်တော်တို့တွေ ကျွန်တော်တို့ အသင်းအတွက်ကိုပဲ အာရုံစိုက်ထားရမှာပါ။ ဒါက အသင်းအတွက် အရေးကြီးဆုံး အကြောင်းအရာ တစ်ခုဖြစ်ပြီးတော့ အခုနားရက် ပြီးဆုံးသွားတဲ့အချိန်မှာ အဲ့ဒီအတိုင်း ဆက်လက်တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အန်ဖီးလ်မှာ ဆုံတွေ့ထားခဲ့ကြပြီး တစ်ဖက်ကို (၂)ဂိုးစီ သရေကျထားခဲ့ကာ လာမယ့် ဧပြီလမှာတော့ ဒုတိယအကျော့ ပွဲစဉ်အဖြစ် အယ်တီဟတ်ကွင်းအတွင်း ပြန်လည်တွေ့့ဆုံရမှာ ဖြစ်ပါတယ်။