ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား ဗင်နီစီယပ်စ်ဟာ ဆယ်လ်တာဗီဂိုအသင်းနဲ့ စပိန် လာလီဂါပွဲစဉ်အတွင်း တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ရက်သတ္တပတ် (၄)ပတ် မှ (၆)ပတ်လောက်အထိကို အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။
ဆမ်ဘာကြယ်ပွင့်လေး ဗင်နီစီယပ်စ်ဟာ ရီးယဲလ် တိုက်စစ်မှာ ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာ မရှိတော့ချိန် ရီးယဲလ်ရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်လာခဲ့ရင်း အခုမှ ပွဲစဉ် (၃)ပွဲအရောက်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Marca
အသက် (၂၃)နှစ်အရွယ် ဘယ်တောင်ပံ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဆယ်လ်တာဗီဂိုနဲ့ ပွဲစဉ်အတွင်း ပွဲကစားချိန် (၁၈)မိနစ်မှာ တံကောက်ကြော ဒဏ်ရာကို ရရှိသွားခဲ့ပြီး လူစားပါ လဲခဲ့ရပါတယ်။ ဒီဒဏ်ရာ အခြေအနေကို ပွဲအပြီးမှာ စစ်ဆေးခဲ့ပြီး (၄)ပတ် မှ (၆)ပတ်လောက်အထိ အနားယူတော့မယ်လို့ အသင်းဘက်က အတည်ပြုလိုက်ပါတယ်။
ရီးယဲလ်အသင်းဟာ အသင်းမှာ နေရာအလိုက် ဒဏ်ရာ ပြသာနာတွေနဲ့ အသီးသီး ရင်ဆိုင်နေရပြီး ဂိုးသမား ကော်တွိုက်စ် နဲ့ နောက်ခံလူ မီလီတာအိုတို့ဟာလည်း ACL ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားယူနေကြရပါတယ်။
Photo Credit : Managing Madrid
လက်ရှိမှာ ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းရဲ့ လာလီဂါ ပွဲစဉ် (၆)ပွဲခန့်နဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အုပ်စုအဖွင့်ပွဲစဉ်တို့ကို လွဲချော်ရဖွယ် ရှိနေပြီး နိုင်ငံတကာ ရက်သတ္တပတ်မှာလည်း ဘရာဇီးလ်အသင်းရဲ့ ခြေစစ်ပွဲ (၂)ပွဲလုံးကိုလည်း လွဲချော်ရပါတော့မယ်။
ဒီလို အခြေအနေတွေကြောင့် မန်ယူနိုက်တက်အသင်းက သူတို့ရဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူမလားဆိုပြီး ရီးယဲလ်အသင်းထံ ဆက်သွယ် မေးမြန်းထားခဲ့သလို ရီးယဲလ်အနေနဲ့ ဈေးကွက်မပိတ်ခင် တိုက်စစ်ပိုင်း အားဖြည့်သွားဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။