အသက် ၂ဝအရွယ်သာ ရှိသေးတဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်တောင်ပံ ကစားသမား ဗီနီးစီးယပ် ကတော့ သူ့အနေနဲ့ လက်ရှိ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ စပိန် လာလီဂါဖလား ၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တစ်ပြိုင်နက်ထဲ ရယူဖို့အတွက် မျှော်မှန်းထားကြောင်း အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ဗီနီးစီးယပ်ဟာ ၂၀၁၈ ခုနှစ်မှာ ဖလာမင်ဂိုအသင်းကနေ ရီးရဲလ် မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူ တစ်ဦးဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါဖလား ၊ စပိန်ဘုရင့်ဖလားနဲ့ World Cup Championship တို့ကို အရယူထားနိုင်သူပါ။ ဒါပေမယ့် ဗီနီးစီးယပ်ကတော့ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် ကျေနပ်သေးပုံ မပေါ်သေးပါဘူး။

Photo Credit: Standard

ဗီနီးစီးယပ်ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ဖလားသုံးလုံး တစ်ပြိုင်နက်ထဲ ရယူနိုင်ဖို့ မျှော်မှန်းထားပြီး သူ့ရဲ့ အသင်းဖော်တွေဟာလည်း သူ့လိုပဲ စိတ်ကူးရှိကြကြောင်း ပြောပြ သွားခဲ့ပါတယ်။ ဗီနီးစီးယပ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လာလီဂါပွဲစဉ် ၃ပွဲ ပါဝင် ကစားပေး ထားရာမှာ သွင်းဂိုး ၂ဂိုး သွင်းယူ ပေးထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ဖလားသုံးလုံး ရယူချင်တဲ့ အကြောင်းကို ဗီနီးစီးယပ်က အခုလိုပဲ ပြောပြ သွားခဲ့ပါတယ်။

Photo Credit: Standard

ဗီနီးစီးယပ်က “ ကျွန်တော့်ရဲ့ အကြီးမားဆုံး အိမ်မက်ကတော့ ဖလားသုံးလုံးကို တစ်ပြိုင်နက်ထဲ ရယူနိုင်ဖို့ပါပဲ။ ဒါက အခုချိန်မှာ ဖြစ်မလာသေးပေမယ့် ကျွန်တော်တို့ အားလုံးက ဖလားသုံးလုံး စလုံးကို ရယူနိုင်ဖို့ မျှော်မှန်းထားကြပါတယ် “ ဆိုပြီး ပြောပြ သွားတာပါ။ ဒါ့အပြင် ဗီနီးစီးယပ်က သူ့အနေနဲ့ ပိုပြီး တိုးတက် လာအောင် ကြိုးစားနေကြောင်းကိုလည်း ဖွင့်ဟ သွားပါသေးတယ်။ ဗီနီးစီးယပ်က “ ကျွန်တော် ဒီကို ရောက်တဲ့ အချိန်မှာ အသက် ၁၈နှစ်ပဲ ရှိသေးပြီး ဘရာဇီးလ်မှာလည်း တစ်ရာသီပဲ ကစားရပါသေးတယ်။ အရာအားလုံးက ကျွန်တော့်အတွက် အသစ်တွေ ဖြစ်ခဲ့ပြီး အခုချိန်အထိ ကျွန်တော်ဟာ လေ့လာ သင်ယူနေရဆဲပါပဲ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်ဟာ မတူညီတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါပြီ။ မက်ဒရစ်မှာရှိတဲ့ လူတွေကလည်း ကျွန်တော့်ကို အကူအညီ ပေးကြပါတယ် “ လို့ ပြောပြခဲ့ပါတယ်။