စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေကို ထုတ်ပြထားနိုင်တဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဗင်နီးစီးယပ်စ် ကတော့ သူဟာ ရွှေဘောလုံးဆုကို ရယူနိုင်အောင် ပစ်မှတ်ထား ကြိုးပမ်းနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၂၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်ဟာ ၁၈နှစ်အရွယ်ထဲက ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းရဲ့ အနာဂတ် အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Sportskeeda

ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ အစပိုင်းမှာ ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်နေရာ တနေရာကို သိမ်းပိုက်နိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာဆိုရင် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာနဲ့ တွဲဖက်ပြီး လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းပြထားနိုင်ပါတယ်။

ဗင်နီးစီးယပ်စ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Sportskeeda

ဒါကြောင့်လည်း စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဗင်နီးစီးယပ်စ်ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိကြောင်း သုံးသပ်လာကြပြီး ဗင်နီးစီးယပ်စ် ကိုယ်တိုင်ကလည်း သူဟာ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် နေ့ရက်တိုင်းမှာ အစွမ်းကုန် ကြိုးစားနေကြောင်း ထုတ်ပြောလာပါတယ်။

ဗင်နီးစီးယပ်စ်က – “ကျွန်တော့်အနေနဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ဒီထက်ပိုပြီး အလုပ်တွေ ကြိုးစားဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့ ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ ဆက်ကစားသွားမယ်။ အကောင်းဆုံး စွမ်းဆောင်ရည် ရနေအောင် ကြိုးစားမယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို အမြဲတမ်း ပြသနိုင်အောင် လုပ်ပါ့မယ်။ တကယ်လို့ ကျွန်တော်သာ အကောင်းဆုံး အနေအထားနဲ့ ကစားပြနိုင်ခဲ့မယ် ဆိုရင် ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အရေးအကြီးဆုံးက အသင်းနဲ့အတူ ဆုဖလားတွေ အများကြီး ရယူဖို့ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။