MySport Myanmar

ရီးယဲလ်ရဲ့ ဘာနေဗျူးကွင်းမှာ ဘရာဇီးလ်အတွက် ခြေစမ်းပွဲ ကစားရမှာကို စိတ်လှုပ်ရှားနေတဲ့ ဗင်နီ

လက်ရှိမှာက ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေ ရပ်နားထားပြီး နိုင်ငံတကာ ပွဲစဉ်တွေ ကျင်းပမယ့် နိုင်ငံတကာ ရက်သတ္တပတ် ကာလ ဖြစ်နေရာ ပုံမှန်ဆိုရင်တာ့ International Break ကာလတွေက ဘောလုံးပရိသတ်တွေအတွက် ပျင်းစရာကောင်းနိုင်ပေမယ့် ဒီတစ်ပတ်ရဲ့ International Break ကတော့ လုံးဝကို စိတ်ဝင်စားစရာ ပွဲကြီးပွဲကောင်းတွေနဲ့ ပြည့်နက်လို့နေပါတယ်။

ဒီလို စိတ်ဝင်စားစရာ ပွဲစဉ်တွေထဲမှာမှ တောင်အမေရိကနဲ့ ကမ္ဘာ့ထိပ်သီး အင်အားကြီး ဘောလုံးအသင်းကြီး ဘရာဇီးလ်နဲ့ ဥရောပရဲ့ ကမ္ဘာ့ထိပ်သီး စပိန်အသင်းတို့ရဲ့ပွဲစဉ်လည်း ပါဝင်နေပြီး ဒီနှစ်သင်းက မတ်လ (၂၇)ရက်နေ့မှာပဲ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးမှာ နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြတော့မှာ ဖြစ်ပါတယ်။

Photo Credit : ES Madrid

ရီးယဲလ်အသင်းရဲ့ အိမ်ကွင်းမှာ ရီးယဲလ်က ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ် ရိုဒီရီဂိုတို့က သူတို့ရဲ့ အသင်းဖော်တွေဖြစ်သော ကာဗာဂျယ် နာချို ဟိုဆယ်လ်လူတို့နဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲစဉ်မတိုင်ခင်မှာပဲ ဗင်နီစီယပ်စ်နဲ့ ရိုဒရီဂိုတို့က နောက်ထပ် သူတို့ရဲ့ ရီးယဲလ်အသင်းဖော်တစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ်ရဲ့ အင်္ဂလန်အသင်းနဲ့ပါ အရင်ဆုံး ထိပ်တိုက် ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Marca

လက်ရှိမှာတော့ ဘာနေဗျူးကွင်းမှာ သူရဲ့နိုင်ငံအသင်းအတွက် ကစားပေးရတော့မယ့် ဗင်နီစီယပ်စ်က “ကျွန်တော်ရဲ့အိမ်လို ဖြစ်နေတဲ့ ဘာနေဗျူးကွင်းကြီးမှာ နိုင်ငံအသင်းဂျာစီတွေ ဝတ်ဆင်ထားမယ့် ရီးယဲလ်မက်ဒရစ် အသင်းပရိသတ်တွေရဲ့ ရှေ့တော်မှောက်မှာ အခုလိုပွဲစဉ်ကို ကစားသွားရမှာက ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။”

“အကောင်းဆုံးတွေနဲ့ ယှဉ်ပြိုင်ရတာက အမြဲတမ်းကောင်းပါတယ်။ ဒါမှလည်း ဒီလိုပွဲတွေမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်မှုကို ပြသနိုင်မှာ။ အကောင်းဆုံး စွမ်းဆောင်သွားနိုင်ဖို့အတွက် ပွဲအစကတည်းကနေ အာရုံစိုုက်ပြီး ကစားသွားပါမယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version