ဘရာဇီးလ်အသင်းရဲ့ လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာက မကြာခင်မှာ စတင် ကျင်းပသွားတော့မယ့် ကိုပါအမေရိကပြိုင်ပွဲထဲ ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလားကြီးကို ဆွတ်ခူးသွားချင်ပါတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ဘယ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ ရီးယဲလ်မက်ဒရစ်လို ဆုဖလား အာမခံချက်တွေ ရှိနေတဲ့ ကလပ်အသင်းမျိုးဆီ ရောက်ရှိနေတာဖြစ်လို့ ချန်ပီယံလိဂ်ဖလား လာလီဂါဖလားတို့ အပါအဝင် သူမရဖူးတဲ့ ဆုဖလားတွေက မရှိသလောက်ကို အောင်မြင်နေပါတယ်။

Photo Credit : FC Barcelona Noticias

ဒါပေမယ့် ဗင်နီစီယပ်စ်ဟာ လက်ရွေးစင် ကစားသမားဘဝမှာတော့ အောင်မြင်မှုတွေ လုံးဝ မရှိသေးပဲ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတို့ကို ဘရာဇီးလ်နဲ့အတူ ၂၀၂၁ကိုပါမှာ ဒုတိယနေရာသာ ရရှိခဲ့ပြီး ၂၀၂၂ကမ္ဘာ့ဖလားမှာလည်း ကွာတားဖိုင်နယ်အထိသာ ရောက်ရှိခဲ့ရပါတယ်။

ဘရာဇီးလ်ကတော့ ၂၀၀၂ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲထဲ အောင်မြင်မှုတွေနဲ့ ဝေးကွာနေဆဲ ဖြစ်နေပေမယ့်လည်း ၂၀၁၉ ကိုပါမှာတုန်းကတော့ နောက်ဆုံးတစ်ကြိမ် ချန်ပီယံ ဖြစ်ထားခဲ့ပြီး ၂၀၂၁မှာ ဒုတိယသာ ရရှိခဲ့ပါတယ်။ အခုလည်း ၂၀၂၄ ကိုပါအမေရိကမှာ ဘရာဇီးလ်က အာဂျင်တီးနားနဲ့အတူ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေကြပါတယ်။

Photo Credit : Reuters

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က “ကျွန်တော် ကိုပါအမေရိကဖလားကြီးကို ရယူသွားချင်ပါတယ်။ ကျွန်တော်က အခုထိ ဘရာဇီးလ်အသင်းနဲ့ ဘာဆုဖလားမှ မရယူဖူးသေးတာဖြစ်လို့ ဒီတစ်ကြိမ်တော့ ကိုပါဖလားကို အရ ယူဆောင်ချင်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် အရာရာ ပေးဆပ်ပြီး ကစားသွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီထဲ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ စပိန်လာလီဂါဖလားတို့ကို ပိုင်ဆိုင်ထားခဲ့တာကြောင့် အခု ၂၀၂၄ ကိုပါအမေရိကမှာသာ ဘရာဇီးလ်အသင်းနဲ့အတူ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင်တော့ အောက်တိုဘာလမှာ ကျင်းပမယ့် ၂၀၂၄ ဘာလွန်းဒေါဆုက ဗင်နီစီယပ်စ်အတွက် သေချာပေါက် ဖြစ်လာနိုင်ပါတယ်။