MySport Myanmar

ချန်ပီယံလိဂ်ဖလားကြီးကို ထပ်မံ ရယူသွားချင်တယ်လို့ ဆိုလိုက်တဲ့ ဗင်နီစီယပ်စ်

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဗင်နီစီယပ်စ်ကတော့ မနေ့ညက ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အထူးခြေစွမ်းတွေ ပြသခဲ့ပြီးတဲ့နောက် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို နောက်ထပ် ရယူသွားချင်တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကလပ်အသင်း တစ်သင်းလည်းဖြစ်ပြီး ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကျင်းပမှု ပုံစံအသစ်နဲ့ ပြောင်းလဲ ကျင်းပထားပေမယ့်လည်း လက်ရှိချန်ပီယံ ရီးယဲလ်က (၃)ပွဲကစား (၂)ပွဲနိုင် (၁)ပွဲရှုံးထားခဲ့ပါတယ်။

Photo Credit : Reuters

ရီးယဲလ်က ပြီးခဲ့တဲ့ ရာသီကထက် ကစားသမားအင်အား တောင့်တင်းနေတယ် ဆိုပေမယ့်လည်း အဓိက ကစားသမားတချို့ ဒဏ်ရာရနေတာက အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းခံစစ်ကနေ ပြိုင်ဘက်အသင်းအတွက် အခွင့်အရေးတွေ ပေးနေသလိုပါ ဖြစ်ခဲ့ရပါတယ်။

မနေ့ညက ဒေါ့မွန်နဲ့ပွဲမှာလည်း ပထမပိုင်းမှာပဲ ဒေါ့မွန်ကို (၂)ဂိုးအထိ ခွင့်ပြုခဲ့ရပြီးမှ ဒုတိယပိုင်းမှာ ဗင်နီစီယပ်စ်ရဲ့ ဟက်ထရစ်နဲ့အတူ (၅)ဂိုးထိ ပြန်သွင်းယူရင်း comeback နိုင်ပွဲကို ပိုင်ဆိုင်လိုက်ရပါတယ်။ တကယ်လို့ ရီးယဲလ်က ဒီပွဲမှာသာ ပြန်မလာနိုင်ခဲ့ရင် ဒီရာသီ ချန်ပီယံလိဂ်အတွက် အခြေအနေဆိုးတစ်ရပ်နဲ့ ကြုံတွေ့ရဖွယ်လည်း ရှိနိုင်ပါတယ်။

Photo Credit : TNT Sports

ရီးယဲလ်ရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ဗင်နီစီယပ်စ်ကလည်း မကြာခင်မှာ ချီးမြှင့်သွားတော့မယ့် ၂၀၂၄ ဘာလွန်းဒေါဆုအတွက် ထိပ်ဆုံးကနေ ရေပန်းစားလျက် ရှိနေသလို ဘာလွန်းဒေါဆုရှင် ဖြစ်လာခါနီးမှ အခုလို အသင်းအတွက် ခြေစွမ်းမျိုးတွေ ပြသထားနိုင်လို့ ဒီဆုနဲ့ ထိုက်တန်မှု ရှိတဲ့ ကစားသမားလို့ပါ ပရိသတ်တွေက သတ်မှတ်လာကြပါတယ်။

ပွဲအပြီးမှာတော့ ဗင်နီစီယပ်စ်က “ကျွန်တော် ဒီအသင်းမှာ ထာဝရ အမြဲတမ်း ရှိသွားချင်ပါတယ်။ ကျွန်တော် ရီးယဲလ် မက်ဒရစ်အသင်းကို အရမ်းချစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကြီး နောက်တစ်ကြိမ် ထပ်မံ ရယူသွားချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ် league phase ပွဲစဉ်တွေအဖြစ် အေစီမီလန် လီဗာပူးလ် အတ္တလန်တာ ဆာလ်ဇ်ဘာ့ဂ် ဘရက်စ်အသင်းတို့နဲ့ ဆက်လက် ရင်ဆိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။

Exit mobile version