ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ဗင်နီစီယပ်စ် ဂျူနီယာက အသင်းအတွက် ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ကစားခဲ့ရခြင်းအပေါ် အရမ်းကို ဂုဏ်ယူမိရကြောင်းနဲ့ ဒီအသင်းမှာ သမိုင်းဝင် အောင်မြင်မှုတွေကို ရယူသွားချင်နေတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ၂၀၁၇ခုနှစ်ကတည်းက ဖလာမင်ဂိုကနေ ရီးယဲလ် မက်ဒရစ်အသင်းဆီ ရောက်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ရီးယဲလ်ကစားသမားဘဝ (၇)ရာသီမြောက်အဖြစ် ဖြတ်သန်းနေတာ ဖြစ်သလို အသင်းအတွက်ကိုလည်း ဂိုးပေါင်း(၁၂၀)ထိ သွင်းယူထားပါတယ်။
Photo Credit : FourFourTwo
ဗင်နီစီယပ်စ်က ရီးယဲလ်နဲ့အတူ ဆုဖလား အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့ပြီး တစ်ဦးချင်းဆုတွေပါ ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ရီးယဲလ်အတွက် အရေးအပါဆုံး ကစားသမားပါ ဖြစ်နေပါတယ်။ အခုဆိုရင် ဗင်နီစီယပ်စ်က ရီးယဲလ်အတွက်ပါ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင် ရာထူးနဲ့ ကစားခွင့် ရလာခဲ့ပြီး ဒီလို ကစားခွင့်ရတဲ့အပေါ် ဗင်နီစီယပ်စ်က ဝမ်းမြောက်နေပါတယ်။
“ဒါက အလွန်ထူးခြားတဲ့ အရာပါ။” လို့ ဗင်နီစီယပ်စ်က ပွဲအပြီးမှာ Real Madrid TV ကို ပြောကြားခဲ့ပါတယ်။ “ဒီမှာ အချိန်အတော်ကြာ ကစားရပြီး အသက်(၂၄)နှစ်မှာ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးပွဲ ကစားရတာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာပါ။ ဒီကို ရောက်လာဖို့ ကျွန်တော့်ရဲ့ အိပ်မက်ကလပ်ကို ရောက်ဖို့နဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အရာအားလုံးအပြီးမှာ အခုလို ဖြစ်လာရတာ။”
Photo Credit : Managing Madrid
“ကျွန်တော်က ဒီလိုမျိုးကို အချိန်အတော်ကြာ ဆက်လက် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီအသင်းနဲ့ ပျော်ရွှင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိနိုင်တာက ပြောမပြနိုင်တဲ့ အရာပါ။ ကျွန်တော် ဘယ်တော့မှ အိပ်မက်မမက်ခဲ့တဲ့ ဒါမှမဟုတ် စိတ်ကူးမယဉ်ခဲ့တဲ့ အရာပါ။”
“နောက်ပွဲစဉ်မှာတော့ ကျွန်တော်က ပွဲပေါင်း(၃၀၀) ပြည့်ပါလိမ့်မယ်။ ကျွန်တော်က နောက်ထပ် ပွဲပေါင်း (၄၀၀) နဲ့ (၅၀၀)တွေကိုလည်း လိုချင်နေပါပြီ။ ကျွန်တော်က ဒီကလပ်အသင်းမှာ သမိုင်းဝင်ချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဗင်နီစီယပ်စ်က သူ့ကို ဆော်ဒီကလပ်အသင်းတွေ အသည်းအသန် စိတ်ဝင်စားနေကြပေမယ့် သူကိုယ်တိုင်ကတော့ ရီးယဲလ်အသင်းမှာသာ အချိန်အကြာကြီး ဆက်ရှိသွားဖို့သာ စိတ်အားထက်သန်နေပါတယ်။