MySport Myanmar

ကစားသမားဘဝ အဆုံးထိ ရီးယဲလ်မှာပဲ ရှိသွားချင်တယ်လို့ ဗင်နီစီယပ်စ် ဖွင့်ဟ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့် တောင်ပံကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာက သူရဲ့ကစားသမားဘဝ ကုန်ဆုံးချိန်ထိ ရီးယဲလ် တစ်သင်းတည်းမှာသာ အမြဲတမ်း ပါဝင် ကစားသွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက် (၂၂)နှစ်အရွယ်သာ ရှိသေးတဲ့ အရည်အသွေးပြည့် တောင်ပံကစားသမားလေး ဗင်နီစီယပ်စ်ဟာ ၂၀၁၈-၂၀၁၉ရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်းနဲ့ အခုဆိုရင် ဗင်နီက ရီးယဲလ်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေရပါပြီ။ ဗီနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး (၂၂)ဂိုးထိတောင် သွင်းယူလာနိုင်ခဲ့ပြီး အခုရာသီမှာလည်း (၂၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို နှစ်ရာသီအတွင်း သူရဲ့ ဂိုးဖန်တီးမှုတွေဟာလည်း အကြိမ် (၄၀)ထိ ရှိလာခဲ့ပါတယ်။

Photo Credit : Twitter

ဗင်နီစီယပ်စ်က ရီးယဲလ် ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဖလား (၁)ကြိမ် လာလီဂါဖလား (၂)ကြိမ် ကလပ်ကမ္ဘာ့ဖလား (၂)ကြိမ် ဥရောပစူပါဖလား (၁)ကြိမ်နဲ့ စပိန်စူပါဖလား (၂)ကြိမ် ဆွတ်ခူးခဲ့ပြီး သူ မရယူဖူးသေးတဲ့ ကိုပါဒယ်​ရေးဖလားကလည်း ခုရာသီမှာပဲ ဖိုင်နယ်အထိ တတ်လှမ်းထားတာဖြစ်လို့ ဒီတခါတော့ ဆုဖလားအားလုံး ပိုင်ဆိုင်နိုင်ဖို့က အခြေအနေကောင်းနေရပြီ ဖြစ်ပါတယ်။

Photo Credit : Twitter

“ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာ ထာဝရ ရှိနေချင်ပါတယ်။ ကျွန်တော့်ကို ဒီအသင်းမှာ အမြဲတမ်း ရှိနေနိုင်မယ့် စာချုပ်မျိုး ကမ်းလှမ်းလာဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားရတာကလည်း ထူးခြားမှုတစ်ခုပါပဲ” လို့ ဗင်နီစီယပ်စ်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version