ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့အပြင် အသင်းကို ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်စေနိုင်မယ့် တစ်လုံးတည်းသော အနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာဟာ လက်ရှိမှာတော့ သူရဲ့ကလပ်အသင်း ရီးယဲလ်မက်ဒရစ်နဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ (၅)နှစ်စာချုပ်ကို ချုပ်ဆိုသွားနိုင်ခဲ့ပြီလို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့ twitter စာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် လူငယ်တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာနဲ့ တွဲဖက်ပြီး ရီးယဲလ်တိုက်စစ်အတွက် အကောင်းဆုံးသော စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း တစ်ရာသီအတွင်းမှာ သွင်းဂိုး (၂၂)ဂိုးထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းရဲ့ ဘယ်တောင်ပံမှာ ပုံမှန်နေရာ တစ်နေရာ အခိုင်အမာ ရရှိထားတဲ့ ဗင်နီစီယပ်စ်ကို ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ၂၀၂၇ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုချင်နေပြီး မက်ဒရစ်မြို့က သူရဲ့နေအိမ်လို ခံစားနေရတဲ့ ဗင်နီစီယပ်စ်ကလည်း ရီးယဲလ်နဲ့ ကာလရှည် သက်တမ်းတိုးချင်နေတာကြောင့် စာချုပ်သစ်ကိစ္စကို လက်ခံသွားခဲ့ပါတယ်။

The matches that made Vinicius Junior - Managing Madrid

Photo Credit : Managing Madrid

ဘရာဇီးလ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ၂၀၁၇ခုနှစ်မှာပဲ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ ဗင်နီစီယပ်စ်က အသက်(၁၈)နှစ် မပြည့်သေးတာကြောင့် ဖလာမင်ဂိုအသင်းဆီ အငှားပြန်ကစားခဲ့ရပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ အခုဆိုရင် ရီးယဲလ်ရဲ့ key player တစ်ဦး ဖြစ်လာခဲ့ရသလို ဒီရာသီ အသင်းရဲ့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားနှစ်လုံး ချန်ပီယံ ဆွတ်ခူးခဲ့ချိန်မှာလည်း ဗင်နီစီယပ်စ်က အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်နိုင်ခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၂၂)ဂိုး သွင်းယူနိုင်ခဲ့သလို (၁၆)ဂိုးထိ ဖန်တီးထားနိုင်ခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ အခုလက်ရှိမှာ ရီးယဲလ်အသင်းနဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားခဲ့ပြီဖြစ်ပြီး ၂၀၂၇ခုနှစ်အထိကို သက်တမ်းတိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးမှုကို ရီးယဲလ်အသင်းဘက်ကနေ အသေအချာလေး ထုတ်ပြန်မှု လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက် ရှိနေပြီး ဗင်နီစီယပ်စ်ကိုလည်း အသင်းရဲ့ လုံးဝ ရောင်းမထုတ်နိုင်တဲ့ ကစားသမား အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားအဖြစ် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။