၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘာလွန်းဒေါဆုကို ရီးယဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က သေချာပေါက် ဆွတ်ခူး ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ သိရှိထားနေပြီဖြစ်ကြောင်း စပိန် နာမည်ကျော် သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။
ဘာလွန်းဒေါဆုကို အကြိမ်ရေများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့တောင် မပါဝင်လာတော့တဲ့ ၂၀၂၄ ဘာလွန်းဒေါဆုရဲ့ ဆန်ကာတင် အယောက် (၃၀)စာရင်းမှာ ရွေးချယ်ခံထားရတဲ့ ဗင်နီစီယပ်စ် ဘယ်လင်ဟမ်နဲ့ ရိုဒရီတို့ (၃)ဦးတို့က ဒီဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။
Photo Credit : GiveMeSport
ဒီကစားသမား (၃)ဦးလုံးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ရီးယဲလ် ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဟမ်တို့ဆိုရင် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှု မရခဲ့ပေမယ့် ရီးယဲလ်အတွက် ချန်ပီယံလိဂ်ဖလား လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး ရီးယဲလ်အတွက်လည်း အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
မန်စီးတီးရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလားသာ ရယူနိုင်ခဲ့ပေမယ့် စပိန်အသင်းနဲ့လည်း ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ယူရိုချန်ပီယံ ဖြစ်ခဲ့ရပြီး မန်စီးတီးအတွက်ရော စပိန်အတွက်ပါ ဒီအသင်းတွေရဲ့ ကွင်းလယ်ပိုင်းမှာ အဓိက မောင်းနှင်နိုင်သူလည်း ဖြစ်ပါတယ်။
Photo Credit : Tribuna
လာမယ့် အောက်တိုဘာလ (၂၈)ရက်နေ့မှ ချီးမြှင့်သွားမှာဖြစ်တဲ့ ဘာလွန်းဒေါဆုအတွက် ဘယ်ကစားသမားက ရရှိမယ်ဆိုတာကို ခန့်မှန်းပြောဆိုနေရုံသာ ရှိကြပေမယ့်လည်း Marca ရဲ့ ဖော်ပြချက်မှာတော့ ဗင်နီစီယပ်စ်ရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ Nike ဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့က ဂရန်းဗီအာလမ်းမှာ ဘာလွန်းဒေါဆုပေးပွဲအပြီး (၂)ရက်အကြာမှာပဲ ဗင်နီစီယပ်စ်ကို အထူး ဂုဏ်ပြုတဲ့ ဖိနပ်များကို ရောင်းချသွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီစီယပ်စ်ဟာ ရော်နယ်လ်ဒို(နာဇာရီယို) ရီဗယ်လ်ဒို ရော်နယ်လ်ဒင်ဟိုနဲ့ ကာကာတို့လို ကစားသမားကြီးတွေအပြီး ဘာလွန်းဒေါဆုကို ပိုင်ဆိုင်ခွင့်ရမယ့် ပဉ္စမမြောက် ဘရာဇီးလ် ကစားသမား ဖြစ်လာတော့မယ် ဆိုတာကိုလည်း သိရှိထားပြီလို့ Marca ကနေ ဖော်ပြလာပါတယ်။