MySport Myanmar

အသင်းဖော် ဘာပေလို ဘောလုံးအသင်းပိုင်ရှင် ဖြစ်လာခဲ့တဲ့ ဗင်နီစီယပ်စ်

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာဟာ သူ့အသင်းဖော် ကီလီယန် အမ်ဘာပေလိုမျိုး ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင်သွားခဲ့ရပြီဖြစ်ပြီ ပေါ်တူဂီ ဒုတိယတန်း ကလပ်အသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူလိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် အပါအဝင် စပိန်နဲ့ ဘရာဇီးလ်တို့က ရင်းနှီးမြှပ်နှံသူများဟာ ပေါ်တူဂီ ဒုတိယတန်းက ကလပ်အသင်း အယ်လ်ဗာကာအသင်းရဲ့ အစုရှယ်ယာတွေကို အပြီးသတ် ဝယ်ယူခဲ့ကြပြီး လာမယ့် ရက်သတ္တပတ်အတွင်းမှာ အယ်လ်ဗာကာဘက်က အသင်းပိုင်ရှင်သစ်တွေကို ထုတ်ပြန်လာတော့မယ်လို့ Record ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

အယ်လ်ဗာကာအသင်းဟာ ပေါ်တူဂီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ လစ္စဘွန်မြို့အနီးမှာရှိတဲ့ အယ်လ်ဗာကာ ဒို ရီဘာတီဂျိုမှာ အခြေစိုက်ပါတယ်။ အရင်က ပေါ်တူဂီ ထိပ်တန်းလိဂ်မှာ (၅)ရာသီကြာအထိ ကစားခဲ့ဖူးပြီးတော့ ဘရာဇီးလ် ကစားသမားတွေ အများကြီးလည်း ပါဝင် ကစားခဲ့ဖူးကြတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။

အခုလည်း အယ်လ်ဗာကာက လီဂါ ပေါ်တူဂီ ၂ အမှတ်ပေးပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာ ရပ်တည်နေတာမို့ လီဂါ ပေါ်တူဂီပြိုင်ပွဲကြီးဆီ တန်းပြန်တက်နိုင်ဖို့ပါ အလားအလာကောင်းလို့နေပြီး ဗင်နီစီယပ်စ်တို့ကလည်း အယ်လ်ဗာကာအသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူထားခဲ့ဖြစ်လို့ အသင်းအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Entrevue

ဗင်နီစီယပ်စ်က အခုလို ဘောလုံးအသင်းတစ်သင်းကို မပိုင်ဆိုင်ခင်မှာ သူ့အသင်းဖော်ဖြစ်တဲ့ ဘာပေက နွေရာသီကပဲ ပြင်သစ်ကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ယူရိုသန်း(၂၀)အထိ အသုံးပြုပြီး ဝယ်ယူခဲ့ပါသေးတယ်။ ဘာပေရဲ့ အသင်းကတော့ လက်ရှိ အခြေအနေ ဆိုးနေရပြီး လီဂူးတူး အမှတ်ပေးဇယား အောက်ခြေမှာ ရပ်တည်နေရပါတယ်။

ဘာပေနဲ့ ဗင်နီစီယပ်စ်တို့က ဒီကြားရက်မှာပဲ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ ဒုတိယအကျော့အဖြစ် မန်စီးတီးနဲ့ ထပ်မံ ကစားသွားရဦးမှာဖြစ်ပြီး ပထမအကျော့ အီတီဟတ်မှာ ကစားခဲ့တုန်း ဒီကစားသမားနှစ်ဦး ဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ အင်္ဂလန်မြေမှာ (၂)ဂိုး (၃)ဂိုးနဲ့ နိုင်ပွဲ ရရှိခဲ့ပါတယ်။

Exit mobile version