စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ယခုနှစ် ဘောလုံးရာသီမှာ တောက်ပနေတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဗင်နီးစီးယပ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆိုစီဒက် ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် စပိန် လာလီဂါပြိုင်ပွဲမှာ တရာသီအတွင်း သွင်းဂိုး ၁၀ဂိုး ပြည့်ခဲ့တဲ့ ပထမဦးဆုံး ၂၀၀၀ခုနှစ်ဖွား အဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘန်ဇီမာနဲ့ တွဲဖက်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နေသူ ဖြစ်ကာ ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Sports Max

ဆိုစီဒက်အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ Reale Arenaကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် ဗင်နီးစီးယပ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ရီးရဲလ်မက်ဒရစ် အသင်းက ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဗင်နီးစီယပ်ကလည်း အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဗင်နီးစီးယပ်ဟာ အသက် ၁၈နှစ် အရွယ်ထဲက ရီးရဲလ်မက်ဒရစ် အသင်းထံ စတင် ရောက်ရှိလာသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြသစ် အန်ဆလော့တီရဲ့ လက်အောက်မှာ ခြေစွမ်းပိုင်း များစွာ တိုးတက်လာသူ ဖြစ်ပြီး အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

Photo Credit: Sports Max

လက်ရှိမှာ ဗင်နီးစီးယပ်ဟာ လာလီဂါပွဲ ၁၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၀ဂိုး အထိ ရရှိထားတာကြောင့် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ အသင်းဖော် ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ရွှေဖိနပ်ဆုကို ရရှိမယ့် ကစားသမားတွေထဲက တဦး အဖြစ် ထင်ကြေးပေးခံထားရပါတယ်။