ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီအဖြစ် သတ်မှတ်ခံထားရတဲ့ အယ်ကလပ်စီကို ဒါဘီပွဲမှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဧည့်သည် ဘာစီလိုနာအသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘာနေဗျူးမှာ ကစားရတဲ့ အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘာစီလိုနာအသင်းကို ရလဒ်ရော ခြေစွမ်းအရပါ အသာစီးရရှိအောင် ကစားသွားခဲ့ပြီး မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာအသင်းဟာ အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Mirror.com

အယ်ကလပ်စီကို ဒါဘီပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ အနိုင်ရရှိရေးကို ဦးတည်ကာ ကြိုးစားကစားလာခဲ့ပြီး ပထမပိုင်းမှာတော့ အယ်ကလပ်စီကိုရဲ့ ထုံးစံအတိုင်း နှစ်သင်းစလုံးဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဟာ ဦးဆောင်ဂိုးရရှိဖို့ ပိုမို ကြိုးစားလာခဲ့ပြီး အခွင့်အရေးကောင်းတွေကို ရခဲ့ပေမယ့် အစ္စကိုရဲ့ ခေါင်းတိုက်ချက်ကို တာစတီဂျန်က ကာကွယ်နိုင်ခဲ့သလို ဘရိတ်ဝိတ်ရဲ့ အကောင်းဆုံးအခွင့်အရေး တစ်ရပ်ကိုလဲ ကော်တိုရစ်က ကာကွယ်သွားခဲ့ပါတယ်​။ အဲ့ဒီနောက် ပွဲကစားချိန် ၇၂မိနစ်မှာတော့ ရီးရဲလ်အသင်းဘက်က ဦးဆောင်ဂိုးရရှိခဲ့ပြီး လူငယ် ကစားသမား ဗီနီးစီးယပ်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဘာစီလိုနာအသင်းက ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တမ်း ဂိုးရရှိသွားတာက ရီးရဲလ်အသင်းဖြစ်ပြီး နာကျင် အချိန်ပိုမှာ မာရီရာနိုက သွင်းယူပေးခဲ့တာပါ​။

Photo Credit: Mirror.com

အဆိုပါပွဲစဉ်ပြီးဆုံးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းအတ​ွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဗီနီးစီးယပ်စ်ဟာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို အယ်ကလပ်စီကိုဒါဘီပွဲမှာလဲ ဂုဏ်ယူဖို့ ကောင်းတဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဗီနီးစီးယပ်စ်ဟာ အဆိုပါဂိုးကို သွင်းယူချိန်မှာ ၁၉ နှစ်နဲ့ ၂၃၃ရက်သာ ရှိသေးပြီး အယ်ကလပ်စီကိုမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့တာဖြစ်ကာ အဆိုပါ စံချိန်ကို ယခင်က ပိုင်ဆိုင်ခဲ့ဖူးတဲ့သူကတော့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား မက်ဆီပဲ ဖြစ်ပါတယ်။