ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်နဲ့ အေစီမီလန်တို့မှာ ကစားခဲ့ဖူးသလို တချိန်က သူ့ရဲ့ နာမည်ကို ကြားရုံနဲ့ ပြိုင်ဘက် နောက်ခံလူတွေကို ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်စေခဲ့တဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ တောက်ပနေတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဗင်နီးစီးယပ်က လက်ရှိအချိန်မှာ အကောင်းဆုံး ဘရာဇီးလ် ကစားသမားပဲလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ် ဂျူနီယာက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါ ဆုဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလားတို့ ရရှိအောင် အဓိက ကူညီပေးခဲ့တဲ့ ကစားသမား အနည်းစုထဲက တဦး ဖြစ်ပြီး သူ့ရဲ့ တလုံးထဲသော သွင်းဂိုးကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

Photo Credit: Euro Sports

ဗီနီးစီးယပ်က ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၅၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီရဲ့ အကောင်းဆုံး လူငယ် ကစားသမား အဖြစ်ပါ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ တညီတညွတ်ထဲ သတ်မှတ်ခြင်းကို ခံထားရပါတယ်။

ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ဗင်နီးစီးယပ်ရဲ့ ယခုနှစ်ရာသီ ခြေစွမ်းပိုင်းကို အတော်လေး သဘောကျနေပြီး ဗင်နီးစီးယပ်က ဘရာဇီးလ်ရဲ့ နံပါတ်တစ် တိုက်စစ်မှူး နေမာထက်တောင် ပိုကောင်းတဲ့ ကစားသမား တဦး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Euro Sports

ရော်နယ်ဒိုက – “ကျွန်တော့်ရဲ့ အမြင်မှာတော့ ဗီနီစီးယပ်က လက်ရှိ အကောင်းဆုံး ဘရာဇီးလ် ကစားသမားပါ။ ဘရာဇီးလ်မှာ တခြား နာမည်ကြီး ကစားသမားတွေ အများကြီး ရှိနေပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်းက တခြားလူတွေထက် တဆင့် မြင့်နေပါတယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားရင်း ဗီနီးစီးယပ်ကို ချီးကျူးသွားခဲ့တာပါ။