မန်စီးတီးအသင်းရဲ့အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ကွန်ပနီကတော့ လီဗာပူးလ်အသင်းရဲ့ ခံစစ်မှူး ဗန်ဒိုက်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာ အကောင်းဆုံး နောက်ခံလူ ဖြစ်တယ်လို့ ပြောသွားခဲ့ပြီး တယ်ရီ နဲ့ ဖာဒီနန်တို့ထက် ပို ကောင်းတယ်လို့ ပြောသွားပါတယ်။ အသက် (၃၄) နှစ်အရွယ် ကွန်ပနီဟာ မန်စီးတီးအသင်းမှာ (၂၀၀၈) ခုနှစ်ကနေ (၂၀၁၉) ခုနှစ် အထိ ကစားခဲ့ပြီး မန်စီးတီးအသင်းအတွက် (၁၀) နှစ်ခန့်ကြာ ကစားခဲ့စဉ်မှာ ပရီးမီးယား လိဂ် ဆုဖလား (၄) ကြိမ် ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆုဖလား အောင်မြင်မှု ရရှိခဲ့ပါတယ်။

Photo Credit: Dailystar

ကွန်ပနီကတော့ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကို ချီးကျူးသွားခဲ့ပြီး ဗန်ဒိုက်ဟာ (၂၀၁၇) မှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၇၅) သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး (၂၀၁၉) ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ (၂၀၁၉) ခုနှစ်မှာ ဥရောပ အကောင်းဆုံး အမျိုးသား ဘောလုံး ကစားသမားဆုကို ရရှိခဲ့ပြီး မန်စီးတီးအသင်းရဲ့ ဂန္တဝင် နောက်ခံ ကစားသမားဟောင်း ကွန်ပါနီက ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် အကောင်းဆုံး နောက်ခံလူက ဗန်ဒိုက် ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailystar

Sporf သတင်းမှာ ကွန်ပနီက “ကျွန်တော် ဗန်ဒိုက်ကို ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်မှာ အကောင်းဆုံး ခံစစ်မှူး အဖြစ် ရွေးချယ်ပါမယ်။ ဒီရွေးချယ်မှုက ထူးခြားတဲ့ ရွေးချယ်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် သူက ဂျွန် တယ်ရီ နဲ့ ဖာဒီနန်တို့လို နောက်တန်း နေရာမှာ ကစားတာ မကြာသေးပါဘူး။ တယ်ရီ နဲ့ ဖာဒီနန်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကာလ အားဖြင့် အကြာကြီး ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဗန်ဒိုက်က လွန်ခဲ့တဲ့ ရာသီမှာ ကစားခဲ့စဉ်က အရင်ကတည်းက ထိပ်သီးအဆင့် ရှိနေပြီးသား ဆိုတာကို ပြခဲ့ပြီး လာမယ့် အနာဂတ်မှာလည်း ပိုကောင်းလာဖွယ် ရှိပါတယ်။ သူက လီဗာပူးလ်အသင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီး ဘယ်တော့မှ တစ်ယောက်တည်း မနေဘဲ အသင်းဖော်တွေနဲ့ နီးစပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။