ယမန်နေ့ညပိုင်းလောက်က ဘောလုံးလောကကြီး တစ်ခုလုံး အတွက် ဝမ်းနည်း ကြေကွဲစရာကောင်းလှ တဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေ လေစား အားကျရတဲ့ အာဂျင်တီးနား အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး တစ်ဦး ဖြစ်တဲ့ ဒီယေဂို မာရာဒိုနာ ဟာ လူ့လောကကြီး ကို စွန့်ခွာသွားခဲ့ပြီ ဆိုတဲ့ သတင်းပါပဲ။ ဒီယေဂို မာရာဒိုနာ ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ မာဆေးလ် အသင်းရဲ့ နည်းပြ တစ်ဦးဖြစ်တဲ့ အန်ဒရူး ဗီလက်စ် ဘိုအက်စ် က ဖီဖာ အနေနဲ့ မာရာဒိုနာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ‌တွေမှာ နံပါတ် ၁၀ နေရာကို အနားပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: Goal

ဒီယေဂို မာရာဒိုနာ ဟာ ဗုဒ္ဓဟူးနေ့ က သူ့ရဲ့ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း မှာ ရှိကြတဲ့ အသင်းတွေ၊ ကစားသမားတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေက အာဂျင်တီးနားဂန္တဝင် မာရာဒိုနာ အတွက် ဝမ်းနည်းကြေကွဲကြောင်း တွေ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ မာရာဒိုနာ ဟာ နာပိုလီ၊ ဘာစီလိုနာ နဲ့ သူ့ရဲ့ နိုင်ငံ အသင်းတို့မှာ နံပါတ် ၁၀ ကို ဝတ်ဆင် ကစားခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ကာ ကစားသမားဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး စီးရီးအေ ဖလား နှစ်ကြိမ် နဲ့ ကမ္ဘာ့ဖလား အပြင် အခြားသော အောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လည်း နံပါတ် ၁၀ အင်္ကျီကို ဝတ်ဆင်ကစားခဲ့ကာ အောင်မြင်မှုပေါင်းများစွာ ရှာဖွေနိုင်ခဲ့တဲ့ မာရာဒိုနာကို ဂုဏ်ပြုတဲ့ အနေနဲ့ နံပါတ် ၁၀ အင်္ကျီကို ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေမှာ အနားပေး သင့်တယ်လို့ ဗီလက်စ် အိုအက်စ် က ဆိုခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

“ မာရာဒိုနာလား ? ဟုတ်ပါတယ် အဲ့ဒါက ယုံကြည်ဖို့ ခက်ခဲတဲ့ သတင်းတစ်ပုဒ်လိုပါပဲ။ ကျွန်တော့်အနေနဲ့ ဖီဖာက ပြိုင်ပွဲတိုင်း၊ အသင်းတိုင်းမှာ နံပါတ် ၁၀ အင်္ကျီကို အနားပေးသင့်တယ် လို့ ထင်ပါတယ်။ အဲ့ဒါက သူ့ အတွက် ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ ဂုဏ်ပြုမှုမျိုး ဖြစ်လိမ့်မယ်။ သူဟာ ကမ္ဘာ့ဘောလုံး လောက အတွက်တော့ မယုံနိုင်စရာကောင်းလောက်တဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ ” လို့ ဆိုခဲ့ပါတယ်။ ဂန္တဝင် ကစားသမားကြီး မာရာဒိုနာ ကွယ်လွန်မှုအတွက် နာမည်ကြီး ကစားသမားတွေ ဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ်စတီရာနို ရော်နယ်ဒို တို့ကလည်း သူတို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာ အသီးသီး မှာ ဝမ်းနည်းကြောင်းတွေ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ဘရာဇီး အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ပီပီ ကလည်း သူ့ရဲ့ တွစ်တာ မှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။ “ ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်တဲ့ သတင်းမျိုးလဲ။ ကျွန်တော် အကောင်းဆုံး သူငယ်ချင်းကို ဆုံးရှုံးခဲ့ရပြီ။ ကမ္ဘာကြီးကလည်း ဂန္တဝင်တစ်ဦးကို ဆုံးရှုံး လိုက်ရပါပြီ။ ပြောစရာတွေတော့ အများကြီးပါပဲ။ ဒါပေမယ့် အခုတော့ ဘုရားသခင်က ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို ခွန်အားတွေ ပေးသနားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ငါတို့ အတူတကွ ကောင်းကင်ဘုံမှာ ဘောလုံးပြန်ကစားရမယ်လို့ ငါ မျှော်လင့်ပါတယ် ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။