ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ မိုက်ကယ် ကာရစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်းကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ မကြာသေးမီကမှ အသင်းကနေ ထွက်ခွာသွားရတဲ့ နည်းပြ ဆိုးလ်ရှားအတွက် နှုတ်ဆက်လက်ဆောင် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ထင်မထားလောက်အောင် ရလဒ်တွေ ဆိုးဝါးနေတာကြောင့် မကြာသေးမီကပဲ အသင်းရဲ့နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အသင်းကို ရေရှည် တာဝန်ယူ ကိုင်တွယ်နိုင်မယ့် နည်းပြသစ် ရှာဖွေနေချိန်မှာ ကာရစ်ကို ယာယီနည်းပြ အဖြစ် တာဝန်ပေးထားပါတယ်။

Photo Credit: 90 Mins

ကာရစ်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဘဝ ပထမဦးဆုံးပွဲမှာတော့ ကာရစ်ဟာ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့ပြီး ဗန်ဒီဘိခ် ၊ တဲလက်စ် ၊ ဆန်ချို ၊ မာရှယ်တို့လို ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန်နေရာ မရတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ပေးခဲ့ပြီး ဗီလာရီးရဲလ်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် နောက်တဆင့် တက်နိုင်ဖို့နဲ့ အုပ်စု ပထမနေရာ ရရှိဖို့ အရေးပါတဲ့ ပွဲစဉ် ဖြစ်ပြီး အဆိုပါပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒို ၊ ဆန်ချို ၊ ဖရက်ဒ် ၊ ဖာနန်ဒက်တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ အတူ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ ၁၆သင်း ရှုံးထွက်အဆင့်ကို အုပ်စု ပထမနေရာနဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: 90 Mins

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဘဝမှာ အဖွင့်လှခဲ့တဲ့ မိုက်ကယ် ကာရစ်ကတော့ စပိန်မြေမှာ ဗီလာရီးရဲလ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အသင်းကနေ ထွက်ခွာသွားတဲ့ ဆိုးလ်ရှား အတွက် နှုတ်ဆက်လက်ဆောင် ဖြစ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ကာရစ်က – “ကျွန်တော်က ဒီပွဲကို အနိုင်ရခဲ့တဲ့ အတွက် အတော်လေး ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ကို နောက်ကွယ်ကနေ ထောက်ပံ့ကူညီခဲ့ကြတဲ့ အသင်းရဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ သူတို့က ကျွန်တော့်ကို အမြဲတမ်း ကူညီခဲ့ကြတဲ့ လူတွေပါ။ ဒီနိုင်ပွဲက ကျွန်တော် တယောက်ထဲရဲ့ စွမ်းဆောင်ရည်ကြောင့် ရလာတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ သက်ဆိုင်တဲ့ နိုင်ပွဲပါ။ ကျွန်တော်က ကွင်းဘေးမှာ ရပ်နေပြီး ကောင်လေးတွေ ဘာလုပ်ပြနေလဲ ဆိုတာကို ကြည့်ရှုခဲ့ရုံသက်သက်ပါ။ ဒါကြောင့် ဒီပွဲက ကစားသမားတွေ အားလုံးရဲ့ နိုင်ပွဲပါ။ ဒီပွဲမှာ ကစားသမားတွေ အားလုံးက ကိုယ်စီ ကိုယ်စီ အစွမ်းပြခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့အသင်း နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒီပွဲက အိုလေအတွက် လက်ဆောင်လို့ ပြောရင်လည်း မမှားပါဘူး” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။