ယနေ့မနက် အစောပိုင်းမှာပဲ အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ အူနိုင်း အမ်မရီကို ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာထံ လက်လွှတ်ခဲ့ရတဲ့ ဗီလာရီးရဲလ်က သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် ဘာစီလိုနာနည်းပြဟောင်း ဆက်တီယန်ကို ခေါ်ယူ ခန့်အပ်ရန် ကြိုးစားနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသင်းရဲ့ နည်းပြဖြစ်သူ စတီဗင် ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အက်စ်တွန်ဗီလာက အာဆင်နယ်ကို ကိုင်တွယ်ဖူးသလို ဆုဖလား အောင်မြင်မှုတွေလည်း ရယူထားနိုင်တဲ့ နာမည်ကြီးနည်းပြ ဖြစ်သူ အမ်မရီကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးကာ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

အက်စ်တွန်ဗီလာက အူနိုင်း အမ်မရီ အတွက် ဗီလာရီးရဲလ်ထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆သန်း ပေးချေခဲ့ရသလို အမ်မရီကိုလည်း တနှစ် လုပ်ခလစာ ယူရို ၇.၅သန်း ပေးချေပြီး ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။ အမ်မရီကို လက်လွှတ်ခဲ့ရတဲ့ ဗီလာရီးရဲလ်ကတော့ သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် အရည်အသွေးမြင့် နည်းပြတဦးကို ပြန်လည် ရှာဖွေနေပြီး ဘာစီလိုနာနည်းပြဟောင်း ဆက်တီယန်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၆၄နှစ် အရွယ် ဝါရင့် စပိန်လူမျိုး နည်းပြကြီး ဆက်တီယန်က ၂၀၂၀ခုနှစ်မှာ ဘာစီလိုနာကို စွန့်ခွာခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတဦး ဖြစ်ပြီး ဆက်တီယန်ရဲ့ လာလီဂါ အတွေ့အကြုံ ပြည့်ဝမှုနဲ့ နည်းစနစ်ပိုင်း ကျေညက်မှုတို့ကြောင့်ပဲ ဗီလာရီးရဲလ်ရဲ့ ဘုတ်အဖွဲ့က ဆက်တီယန်ကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေတာပါ။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဗီလာရီးရဲလ်က ဆက်တီယန်ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆက်တီယန်ကလည်း ဗီလာရီးရဲလ်လို အလားအလာ ရှိတဲ့ အသင်းတသင်းကို ကိုင်တွယ်ချင်နေတာကြောင့် ဗီလာရီးရဲလ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သိရပါတယ်။

ဆက်တီယန်က ဘာစီလိုနာကို ၇လကြာ ကိုင်တွယ်ခဲ့ရာ စုစုပေါင်း ပြိုင်ပွဲစုံမှာ ၂၅ပွဲ ကိုင်တွယ်ခွင့် ရခဲ့ပြီး သူ့ရဲ့ လက်အောက်မှာ ဘာစီလိုနာက ၁၆ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၅ပွဲ ရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ကာ ဆက်တီယန်ရဲ့ ဘာစီလိုနာနည်းပြဘဝ နောက်ဆုံး ပွဲစဉ်ကတော့ ဘိုင်ယန်မြူးနစ်ကို ၂-၈ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။