MySport Myanmar

ဘယ်လာရင်ကို ယူရို ၁၀သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ အမ်မရီရဲ့ ဗီလာရီးရဲလ်

စပိန်လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ်က အာဆင်နယ်ကနေ ထွက်ခွာခွင့် ရထားတဲ့ စပိန် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်နောက်ခံလူ ဘယ်လာရင်က နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမားကောင်း တဦး ဖြစ်သလို တချိန်က အာဆင်နယ်ရဲ့ အဓိက ညာနောက်ခံလူ အဖြစ် အသုံးတော် ခံခဲ့ပေမယ့် လက်ရှိ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူပါ။

Photo Credit: Team Talk

ဘယ်လာရင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း စပိန်လာလီဂါကလပ် ဘက်တစ်ဆီ တရာသီ အငှားနဲ့ သွားရောက် ကစားခဲ့သလို ဘက်တစ်နည်းပြ ပယ်လီဂရီရဲ့ လက်အောက်မှာ အသင်းရဲ့ အဓိက ညာနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ကိုပါဒယ်ရေး ဆုဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဘက်တစ်က သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ဘယ်လာရင်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်က ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အမ်မရီက သူ့ရဲ့ တပည့်ဟောင်းကို ပြန်လည် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း ဗီလာရီးရဲလ်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Photo Credit: Team Talk

စပိန်ဘောလုံးလောကရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် အက်ရန် ခိုနောရဲ့ ဖော်ပြချက်အရ ဗီလာရီးရဲလ်က ဘယ်လာရင်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး အာဆင်နယ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဘယ်လာရင်ကို ရောင်းချချင်နေကြောင်း သိရပါတယ်။

Exit mobile version