ဒီတစ်ပတ် Weekend မှာတော့ ဥရောပထိပ်သီး အမှတ်ပေးလိဂ်တွေထဲက အသင်းကြီးတွေဖြစ်ကြတဲ့ ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီ ရီးယဲလ်မက်ဒရစ် ဘာစီလိုနာနဲ့ ဆီဗီလာအသင်းတွေက အသီးသီးကို ရှုံးပွဲတွေနဲ့ စတင်ကြုံတွေ့လိုက်ရပေမယ့်လည်း ဒီအသင်းတွေ အဆင့်အတန်းချင်း ကွာခြားလို့နေတဲ့ အလယ်အလတ် အသင်း(၂)သင်းကတော့ သူတို့ရဲ့ သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေမှာ တစ်သင်းတည်းသော ရှုံးပွဲမရှိတဲ့ ကလပ်အသင်းတွေအဖြစ်နဲ့ ဆက်လက်ရပ်တည်လို့နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအသင်းတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Twitter

ဒီတစ်ပတ်ရဲ့ စပိန်လာလီဂါ ပွဲစဉ်(၈)မှာ အမှတ်ပေးဇယားထိပ်က ရီးယဲလ်မက်ဒရစ်အသင်းက အက်စပန်ညိုအသင်းကို အရေးနိမ့်ခဲ့သလို ဘာစီလိုနာကလည်း ကစားသမားဟောင်း ဆွာရက်ဇ်ရဲ့ သွင်းဂိုးတွေကြောင့် အသက်လက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဆီဗီလာကလည်း ဂရန်နာဒါကို တစ်ဂိုးနဲ့ ကပ်ရှုံးသွားခဲ့တာကြောင့် ပွဲစဉ်(၈)အပြီးမှာ ဗီလာရီးယဲလ် တစ်သင်းတည်းကပဲ ဒီရာသီ လာလီဂါရဲ့ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းတစ်သင်း ဖြစ်သွားခဲ့ရပါတယ်။ ဗီလာရီးယဲလ်က ဒီတစ်ပတ်မှာ ဘက်တစ်ကို အနိုင်ရခဲ့ပေမယ့် (၇)ပွဲ ကစားထားပြီးချိန်မှာ (၂)ပွဲသာ အနိုင်ယူထားတာဖြစ်ပြီး ကျန်တဲ့ (၅)ပွဲလုံးကိုတော့ သရေတွေကျအောင် ကစားထားခဲ့သလို ရီးယဲလ်ကိုလည်း ဂိုးမရှိသရေကျအောင် ကစားထားနိုင်တာ ဖြစ်ပါတယ်။ သရေပွဲတွေနဲ့ ရှုံးပွဲမရှိအောင် ကစားနိုင်ထားတာဆိုပေမယ့်လည်း ဥရောပချန်ပီယံလိဂ်ကိုပါ ပါဝင်ဆင်နွဲနေချိန် လာလီဂါဘက်မှာပါ ရှုံးပွဲမရှိအောင် ကစားထားနိုင်တာက သူတို့အသင်းအတွက် ကျေနပ်လောက်စရာ စွမ်းဆောင်ရည်တစ်ခုလို့ပဲ သတ်မှတ်ရမှာပါ။

Photo Credit : Twitter

ဒီတစ်ပတ် ဂျာမနီဘက်မှာလည်း ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကပါ အိမ်ကွင်းမှာ ဖရန့်ဖတ်အသင်းကို ခြေချော်ပြီး အရေးနိမ့်သွားခဲ့တာကြောင့် မထင်ထားလောက်အောင် ခြေစွမ်းပြလို့နေတဲ့ ဖရိုင်းဘတ်အသင်းက ဒီရာသီ ဘွန်ဒစ်လီဂါမှာ ရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်းအဖြစ် ရပ်တည်သွားခဲ့ရပါတယ်။ ဖရိုင်းဘတ်အသင်းကလည်း ဗီလာရီးယဲလ်လို ပွဲစဉ်(၇)ပွဲအထိ ကစားထားတာဖြစ်ပြီး သူတို့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေက ထိပ်တန်းအသင်းရယ်လို့ သိပ်မပါမလာသေးပဲ ဒေါ့မွန်တစ်သင်းတည်းနဲ့သာ ထိပ်တိုက်ရင်ဆိုင်ထားရတာဖြစ်ပြီး ဒေါ့မွန်ကိုတော့ အလဲထိုးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ (၇)ပွဲကစားထားအပြီး (၄)ပွဲနိုင် (၃)ပွဲသရေကျထားတဲ့ ဖရိုင်းဘတ်က ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ရောက်ရှိနေသလို ထိပ်ဆုံးက ဘိုင်ယန်နဲ့ပါ တစ်မှတ်ကွာ အနေအထားကိုိ ရောက်နေပါတယ်။ ဒါပေမယ့် ဖရိုင်းဘတ်အနေနဲ့ လာမယ့်ပွဲစဉ်(၂)ပွဲမှာ လိုက်ပ်ဇစ် ဝုလ်ဖ်ဘတ်အသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံရတော့မှာဖြစ်လို့ ဒီပွဲတွေမှာ ဘာတွေထပ်ပြနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Photo Credit : Twitter

ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးကို တစ်ဖက်(၂)ဂိုးစီ သရေကစားထားနိုင်တဲ့ လီဗာပူးလ်အသင်းက ခုထိကို ရှုံးပွဲမရှိသေးသလို စီးရီးအေမှာဆိုရင်လည်း နာပိုလီ အေစီမီလန် အင်တာမီလန်တို့က လုံးဝကို ရှုံးပွဲမရှိသေးပဲ နာပိုလီကတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ပါ ရှေ့ဆက်လျက် ရှိနေပါတယ်။