ဘိုင်ယန်မြူးနစ်လို အသင်းကြီးတစ်သင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမျိုးမှာ ကျော်ဖြတ်ဖို့ဆိုတာ သူတို့နဲ့ ခြေစွမ်းပိုင်း အဆင့်အတန်းချင်း ညီမျှတဲ့ အသင်းအတွက်တောင် ခက်ခဲနိုင်လွန်းတဲ့ အခြေအနေ ဖြစ်နေတာကြောင့် သူတို့နဲ့ ခြေစွမ်းပိုင်းရော ကစားသမားပိုင်းမှာပါ အဖက်ဖက်က အားနည်းလွန်းနေတဲ့ ဗီလာရီးယဲလ်လို အသင်းမျိုးက ဘိုင်ယန်ကို ကျော်ဖြတ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီမဖြစ်နိုင်တဲ့ အရာကို ဗီလာရီးယဲလ်တို့ တကယ်လုပ်ပြနိုင်ခဲ့ပြီး ဘိုင်ယန်ကို ကွာတားဖိုင်နယ်အဆင့်နဲ့ ဖြုတ်ချသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

စပိန်မြေမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်အတွင်း ပွဲအစပိုင်း အထလေးနေတတ်တဲ့ ဘိုင်ယန်ကို (၈)မိနစ်ကတည်းက ဦးဆောင်ထားခဲ့တဲ့ ဗီလာရီးယဲလ်ဟာ ခံစစ်ပိုင်းကိုပါ အကျစ်လစ်ဆုံး ကစားနိုင်ခဲ့လို့ ၂၀၁၉ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ ဘိုင်ယန်ရဲ့ ပထမဆုံး ဂိုးပေါက်ပျောက်ရတဲ့ ပွဲစဉ်ပါ ဖြစ်သွားစေခဲ့ရပါတယ်။ အခုလည်း ဂျာမနီမြေမှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာပါ ဘိုင်ယန်ရဲ့ ဦးဆောင်ထားမှုကို ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ပြန်လည်ချေပနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုး (၂)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရင်ကော့ပြီး တတ်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : Twitter

အုပ်စုအဆင့်ကနေ အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ကို ခက်ခက်ခဲခဲ တတ်လှမ်းလာခဲ့ရတဲ့ ဗီလာရီးယဲလ်အသင်းရဲ့ ရှုံးထွက်လမ်းကြောင်းက အတော်လေးကို ခဲယဉ်းလွန်းနေပေမယ့် (၁၆)သင်းအဆင့်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဂျုဗင်တပ်စ်ကိုရော ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ကိုပါ လုံးဝရှုံးပွဲမရှိခဲ့ပဲ အခုလို ဆီမီးဖိုင်နယ်ထိ တတ်လှမ်းနိုင်လာခဲ့တာက အသိအမှတ်မပြုလို့မရတဲ့ အခြေအနေပါ။ အခုလည်း ဗီလာရီးယဲလ်ဟာ ဆီမီးမှာ နောက်ထပ် ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်သွားရဖွယ် ရှိနေရပြီး သမာရိုးကျ အတွေးနဲ့ဆိုရင်တော့ လီဗာပူးလ်က ဖိုင်နယ်ကို အသာအယာ ရောက်သွားနိုင်ပြီလို့ တထစ်ချ ယူဆနိုင်ပေမယ့် ဂျုဗီ ဘိုင်ယန်တို့ကိုတောင် ကျော်ဖြတ်ထားခဲ့ပြီး ဒီအဆင့်ထိတောင် တတ်လှမ်းထားခဲ့တဲ့ ဗီလာရီးယဲလ်ကို လျှော့တွက်ထားလို့ မဖြစ်ပါဘူး။ မနှစ်က ဘောလုံးရာသီမှာပဲ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ထားခဲ့ရတဲ့ အဝါရောင် ရေငုပ်သဘောင်္ာ တပ်သားတို့ ဘယ်လိုအံ့မခန်း စွမ်းဆောင်ရည်တွေနဲ့ ချန်ပီယံလိဂ်မှာ ဘယ်လောက်ထိ ဆက်လက်ခရီးနှင်နိုင်ဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ရမှာ အသေအချာပါပဲ။