စပိန် လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အိုင်ဗရီကို့စ် နောက်ခံကစားသမား အဲရစ် ဘိုင်လီကို တူရကီကလပ် ဘက်ဆစ်တက်အသင်းကနေ ပြန်လည် ခေါ်ယူဖို့ စီစဉ်လျက် ရှိနေပါတယ်။

အသက် (၂၉)နှစ်အရွယ် ဗဟိုခံစစ်မှူး ဘိုင်လီဟာ အက်စပန်ညို အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာပဲ ဗီလာရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ ဗီလာရီးယဲလ်က ဘိုင်လီကို အာဆင်နယ်ဆီ ရောက်သွားတဲ့ ပါလစ္စတာနေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘိုင်လီကလည်း ဗီလာရီးယဲလ်မှာ အကောင်းဆုံး ခံစစ်စွမ်းဆောက်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Sunday World

ဗီလာရီးယဲလ်မှာ တောက်ပနိုင်ခဲ့တဲ့ ဘိုင်လီကို ၂၀၁၆ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါင် သန်း(၃၀)နဲ့ ခေါ်ယူခဲ့ပြီး ဘိုင်လီက ယူနိုက်တက်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာ အခြေအနေဆိုးတွေနဲ့ ရုန်းကန်နေရရင်း ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရသလို ဘိုင်လီရဲ့ ခြေစွမ်းတွေလည်း ကျဆင်းလာခဲ့ရပါတယ်။

ဘိုင်လီဟာ ယူနိုက်တက်အသင်းမှာ (၅)နှစ်ကျော်လောက်အထိ ပါဝင်ခဲ့ရပေမယ့်လည်း ပွဲပေါင်း (၁၀၀)ကျော်သာ ကစားခဲ့ရသလို မာဆေးလ်အသင်းမှာပါ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ ဘိုင်လီဟာ ဘက်ဆစ်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

လက်ရှိမှာတော့ ဘိုင်လီဟာ ဆိုးရွှားတဲ့ ခြေစွမ်းပိုင်းတွေကြောင့် ဒီလအတွင်းမှာပဲ ဘက်ဆစ်တက်အသင်းရဲ့ လူစာရင်းထဲကနေ ဘိုင်လီ အပါအဝင် အသင်းဖော်တချို့ကို ကစားသမားစာရင်းထဲကနေ ဖယ်ရှားခဲ့ပါတယ်။ ဒီအခြေအနေမှာ ဘိုင်လီကလည်း အသင်းကနေ ထွက်ခွာသွားချင်နေပြီး ဗီလာရီးယဲလ်ကလည်း ဘိုင်လီရဲ့ အခြေအနေကို စောင့်ကြည့်လို့နေပါတယ်။

ဗီလာရီးယဲလ်အသင်း လာမယ့် ဆောင်းဈေးကွက်ထဲမှာ ခံစစ်မှူးတစ်ဦးကို ခေါ်ယူအားဖြည့်သွားဖို့ စီစဉ်နေပြီး အဲ့ဒီအတွက်လည်း သူတို့ရဲ့ ကစားသမားဟောင်း ဘိုင်လီကို ရွေးချယ်စရာ တစ်ခုအဖြစ် သတ်မှတ်ထားလျက် ရှိနေပါတယ်။