ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိနေတာကြောင့် ဥရောပဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အက်စ်တွန်ဗီလာက သူတို့အသင်း အတွက် အားဖြည့်မှု တရပ် အဖြစ် အာဆင်နယ် ကွင်းလယ်လူ စမစ်ရိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ် နည်းပြဟောင်း အမ်မရီ ဦးဆောင်နေတဲ့ အက်စ်တွန်ဗီလာက ဒီရာသီမှာ ခြေစွမ်းကောင်းမွန်နေတဲ့ အသင်း ဖြစ်ပြီး ဗီလာက ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာ ၁၃ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်း တရပ်နဲ့ အတူ ရမှတ် ၄၃မှတ် အထိ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Football 365

လက်ရှိအနေအထားအရ ဗီလာက ရာသီကုန်မှာ ဥရောပဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေသလို အဆင့်(၁)နေရာမှာ ရှိနေတဲ့ လီဗာပူးနဲ့ ရမှတ် ၂မှတ်သာ ကွာဟတာကြောင့် ကံကောင်းခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ရရှိသွားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဗီလာရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ တတ်နိုင်သမျှ အသင်းကို အင်အားဖြည့်တင်းကာ ဥရောပဝင်ခွင့် ရအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားကြပြီး အမ်မရီ ဦးဆောင်တဲ့ ဗီလာနည်းပြအဖွဲ့ကတော့ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ဗီလာက အာဆင်နယ်မှာ အရန်ခုံ ထိုင်နေရတဲ့ စမစ်ရိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဗီလာက စမစ်ရိုးလ်အတွက် မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ စမစ်ရိုးလ်က အာဆင်နယ်ရဲ့ ဟေးလ်အန်အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ ၂၄၆မိနစ်သာ ကစားခွင့် ရရှိထားပေမယ့် ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားကာ အာဆင်နယ်က စမစ်ရိုးလ်ရဲ့ တန်ကြေးကို ပေါင် ၃၀သန်း သတ်မှတ်ထားပါတယ်။