နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲ ဆက်တိုက် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယမန်နေ့မှာပဲ အသင်းရဲ့ နည်းပြဖြစ်သူ ဒိန်းစမစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းဟာ ရိန်းဂျားအသင်းကို စကော့တလန် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ စတီဗင် ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နွေရာသီ အပြောင်းအရွှေ့မှာ လူအင်အား ဖြည့်တင်းမှု များစွာကို ပြုလုပ်ထားတဲ့ ဗီလာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် တနေရာကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်ချက် ထားခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲစလုံး အရေးနိမ့်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၆နေရာ အထိ ရောက်ရှိခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ စမစ်ကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းကို မျှော်မှန်းထားတဲ့ အခြေအနေ အထိ ရောက်ရှိအောင် တွန်းတင်ပေးနိုင်မယ့် နည်းပြတဦးကို ရှာဖွေနေတာပါ။

Photo Credit: Daily Mail

အင်္ဂလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်နေတဲ့ စတီဗင် ဂျာရတ်ကတော့ အနာဂတ်မှာ ထိပ်တန်း နည်းပြတဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ နည်းပြတဦး အဖြစ် ပြန်လာဖို့ စိတ်ကူးထားသူ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ စမစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဂျာရတ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စတင် ကြိုးစားလာပြီး ဂျာရတ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားတာကြောင့် ဂျာရတ်က သူတို့အသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်မှသာ အခြားနည်းပြတွေကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Photo Credit: Daily Mail

ယခုအချိန်မှာတော့ ဂျာရတ်ရဲ့ ကိုယ်စားလှယ်နဲ့ ဗီလာအသင်းရဲ့ တာဝန်ရှိသူတွေ အကြားမှာ တရားဝင် ဆွေးနွေးမှုတွေ စတင်နေပြီး ရိန်းဂျားအသင်းက ဂျာရတ်ကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပေမယ့် အကယ်၍ ဂျာရတ်ကသာ ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါက တားဆီးနိုင်ဖွယ် မရှိကြောင်းလည်း ရိန်းဂျားအသင်းရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက စကော့တလန် သတင်းဌာန တခုကို ထုတ်ဖော် ပြောကြားထားပါတယ်။