ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဗီလာအသင်းဟာ ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဖိလစ်ပီ ကော်တင်ဟိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အဲဗာတန်အသင်းရဲ့ ဘယ်နောက်ခံလူ ဒစ်ဂ်နေးကိုပါ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
ဗီလာအသင်းဟာ ရိန်းဂျားအသင်းနဲ့ အတူ တောက်ပနေတဲ့ စတီဗင် ဂျာရတ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဥရောပဝင်ခွင့်ကို စိန်ခေါ်နိုင်ဖို့ အတွက် လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အသင်းတသင်းပဲ ဖြစ်ပါတယ်။
Photo Credit: Express
အသက် ၂၈နှစ် အရွယ် ပြင်သစ် နောက်ခံလူ ဒစ်ဂ်နေးဟာ အဲဗာတန်အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ရှိနေသေးသလို အသင်းရဲ့ အဓိက ဘယ်နောက်ခံ ကစားသမားလည်း ဖြစ်ပေမယ့် အသင်းရဲ့ နည်းပြ ဘင်နီတက်ဇ်နဲ့ အဆင်မပြေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ တာစူနေသူပါ။
လက်ရှိမှာတော့ ဒစ်ဂ်နေးကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီး ၊ ဝက်စ်ဟမ်း ၊ နယူးကာဆယ်နဲ့ ဗီလာအသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပေမယ့် ဗီလာအသင်း ကတော့ အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ဒစ်ဂ်နေးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒစ်ဂ်နေးအတွက် အဲဗာတန်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေပါ ပြုလုပ်နေပါပြီ။
Photo Credit: Express
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ ဒစ်ဂ်နေး အတွက် အဲဗာတန်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး ဗီလာအသင်းက အသင်းရဲ့ တောင်ပံ ကစားသမား တဦး ဖြစ်သူ အယ်ဂါဇီ + ငွေသားနဲ့ ကမ်းလှမ်းမှု တခု ပြုလုပ်ထားကာ အဲဗာတန်အသင်း ကတော့ ငွေသားသီးသန့် လိုချင်နေတာကြောင့် ဆွေးနွေးမှု ပြီးပြတ်ဖို့ အနည်းငယ် လိုအပ်နေသေးကြောင်း သိရပါတယ်။
ဒစ်ဂ်နေးကတော့ မှန်ကန်တဲ့ လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေသလို တိကျတဲ့ ဘောလုံးရေးရာ ပရောဂျက်တခု ရှိနေတဲ့ ဗီလာအသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်းလည်း ဒစ်ဂ်နေးနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောပြထားကြပါတယ်။