ပရီးမီးယားလိဂ် အသင်းတသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်းမှာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာကနေ ရာသီဝက်အငှားနဲ့ သူတို့အသင်းဆီ ပြောင်းရွှေ့လာကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် လီဗာပူးကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့်ပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ စတီဗင် ဂျာရတ်ရဲ့ အက်စ်တွန်ဗီလာထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ကာ ကစားခဲ့ပါတယ်။

Photo Credit: Goal

ကော်တင်ဟိုဟာ အင်္ဂလန်မြေဆီ ပြန်လည် ခြေချနိုင်ပြီးနောက် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ကာ အက်စ်တွန်ဗီလာ အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အက်စ်တွန်ဗီလာရဲ့ နည်းပြဖြစ်သူ ဂျာရတ်က ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အက်စ်တွန်ဗီလာရဲ့ တာဝန်ရှိသူတွေကလည်း ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်စ်တွန်ဗီလာဟာ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူစဉ်မှာ ရာသီကုန်ရင် ပြောင်းရွှေ့ကြေး ယူရို ၃၃သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် အချက်ကိုပါ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဗီလာရဲ့ တာဝန်ရှိသူတွေက ကော်တင်ဟို အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၇သန်း ဝန်းကျင်သာ ပေးချေချင်တာကြောင့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးနေတာ ဖြစ်ပြီး ဘာစီလိုနာကတော့ ကော်တင်ဟို အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။