များပြားလှတဲ့ ပွဲစဉ်တွေနဲ့ ရင်ဆိုင်နေရလို့ လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားမှု ပယ်ချခံခဲ့ရတဲ့ အက်စတွန် ဗီလာအသင်းဟာ အခုဆိုရင် ရက်သတ္တပတ် (၂)ပတ်အတွင်းမှာပဲ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၅)ပွဲအထိတောင် ကစားရတော့မှာဖြစ်လို့ ဒါကို ဗီလာနည်းပြ အူနိုင်း အမ်မရီကပါ စိတ်ပျက်လို့နေပါတယ်။
ဗီလာဟာ ဒီနေ့ညမှာ အစ်ဝစ်ချ်အသင်းနဲ့ ကစားရဖို့ ရှိနေပြီးတော့ (၂၀)ရက်နေ့မှာ လီဗာပူးလ် (၂၃)ရက်နေ့မှာ ချယ်လ်ဆီး (၂၆)ရက်နေ့တို့မှာ ခရစ္စတယ် ပဲလေ့စ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်တိုက် ကစားရမှာဖြစ်ပြီး မတ်လ (၁)ရက်နေ့မှာ ကာဒစ်နဲ့ အက်ဖ်အေဖလားပွဲကို ကစားရသွားတော့မှာ ဖြစ်ပါတယ်။
Photo Credit : Opta Analyst
(၂)ပတ်တာ ကာလအတွင်းမှာ (၅)ပွဲထိ ကစားရမယ့် အခြေအနေကြောင့် ဗီလာနဲ့ လီဗာပူးလ်ပွဲကို မတ်လထဲ ရွှေ့ဆိုင်ပေးဖို့ ဗီလာက ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့ပေမယ့် လီဗာပူးလ်က မတ်လထဲမှာ နယူးကာဆယ်နဲ့ ခါရာဘောင် လိဂ်ဖလား ဖိုင်နယ်ပွဲကို ကစားရဖို့ ရှိနေတာကြောင့် ဗီလာရဲ့ တောင်းဆိုမှုကို ပယ်ချသွားခဲ့ပါတယ်။
ဒီလို ရက်မရွှေ့ဆိုင်းပေးခဲ့တဲ့အပေါ် ဗီလာနည်းပြ အမ်မရီက “ဘောလုံးက ပြောင်းလဲနေတယ်၊ ဒါက ရှင်းပါတယ်။ ထိတွေ့မှုတွေ ပိုများလာတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုများလာတယ်။ ဒဏ်ရာရတဲ့ ကစားသမားတွေ ပိုများလာတယ်။ ဒါက အမှန်တရားပါ၊ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ အနှစ်(၃၀)ကထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုသန်မာလာလို့ပါ။”
Photo Credit : The Independent
“ကျွန်တော်တို့ ဒီအခြေအနေတွေကို အမြန် လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်၊ ပွဲတွေကြားမှာ အချိန်ကို ဘယ်လို ပိုကောင်းအောင် စီမံခန့်ခွဲနိုင်မလဲဆိုတာကိုပါ။ ဒါက ကျွန်တော်တို့ရဲ့ အလုပ်ပါ။ ဒါပေမယ့် နောက်တစ်ခုက ပရီးမီးယားလိဂ်က လူတွေအတွက်ပါ။ သူတို့က အသင်းတွေကို ပိုပြီး မျှတအောင် ဘယ်လိုကူညီနိုင်မလဲ ကစားဖို့နဲ့ အချိန်ကို စီမံခန့်ခွဲဖို့ ပွဲတွေကို အတူတူ ကစားဖို့ အချိန်ဇယားကို ပိုကောင်းအောင် ဝေမျှဖို့ ကြိုးစားပါ။”
“ဥရောပမှာ ကစားနေတဲ့ အင်္ဂလန်အသင်းတွေကို ကျွန်တော်တို့ ကာကွယ်ရမယ်။ ချန်ပီယံလိဂ်အတွက် အသင်းငါးသင်း ဝင်ခွင့်ရနိုင်ရင် အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အချိန်ဇယားကို ဥပမာအနေနဲ့ ကြည့်ရင် နောက်တစ်ပတ်အတွက် သူတို့ အချိန်ဇယားကို ဘယ်လို သတ်မှတ်လဲဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ ဒါက ကျွန်တော့်အလုပ်မဟုတ်ပါဘူး၊ ကျွန်တော် ရင်ဆိုင်နေရတဲ့ မတူညီတဲ့ ပြိုင်ပွဲတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ပတ်မှာ သုံးပွဲကစားတဲ့အခါ ကစားသမားတွေ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရဖို့ အန္တရာယ်ပိုများပါတယ်။ ကျွန်တော်တို့ မိနစ်တွေကို တတ်နိုင်သလောက် ဝေမျှရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။