အက်စတွန်ဗီလာအသင်းရဲ့ လတ်တလော အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကတော့ ဘောလုံးဝါသနာရှင်တွေသာမကပဲ ဗီလာအသင်းရဲ့ ပရိသတ်တွေကိုယ်တိုင်ပါ အံ့အားသင့်ရလောက်တဲ့အထိကို သွက်လက်လွန်းနေပါတယ်။ မနေ့ကပဲ လေဗာကူဆင် တောင်ပံကစားသမားလေး လီယွန်ဘေလီကို ခေါ်ယူနိုင်ခဲ့တဲ့ ဗီလာက နောက်တစ်ရက် မကူးခင်မှာပဲ ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်စ်ကိုပါ ခေါ်ယူနိုင်ခဲ့ပြန်ပါတယ်။ ဒါနဲ့တင် မလုံလောက်သေးတဲ့ ဗီလာဟာ အခုလည်း တော့ဒ်ကန့်ဝဲလ်ကိုပါ ထပ်မံခေါ်ယူသွားဖို့အထိ ဆက်လက်လုပ်ဆောင်လာခဲ့ပြန်ပါတယ်။

Photo Credit : 247 Around the World News

ဗီလာအသင်းဟာ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းဆီ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)နဲ့ ရောင်းချသွားဖို့ လက်ခံခဲ့ပြီးနောက်ပိုင်းကတည်းက ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်စိတ်စိတ်လေး လုပ်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ ဘွမ်ဒီယာ အက်ရှ်လေယန်း လီယွန်ဘေလီနဲ့ ဒန်နီအင့်စ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အတော်လေးကို အားရစရာကောင်းလှတဲ့ ဖြည့်တင်းမှုတွေဖြစ်ပြီး အသင်းရဲ့ကြယ်ပွင့် ဂရီးလစ်ရှ်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင် အားလျော့သွားဖွယ် မရှိလောက်နိုင်တဲ့ အခြေအနေတစ်ခုကို ပြန်တည်ဆောက်ထားနိုင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

Photo Credit : Birmingham Mail

ဒါပေမယ့် ဗီလာအသင်းက ကစားသမားသစ် ခေါ်ယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားဦးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်ခွင့်ရလာခဲ့တဲ့ နောရစ်ချ်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး ကန့်ဝဲလ်ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ကန့်ဝဲလ်က လက်ရှိမှာ နောရစ်ချ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး တစ်နှစ်ထပ်မံ တိုးမြှင့်ခွင့်ကို ထည့်သွင်းထားခဲ့တယ်ဆိုပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး ဒါကိုလည်း ဗီလာဘက်ကနေ အသုံးချသွားဖွယ် ရှိနေပါတယ်။ ဗီလာအသင်းက ကန့်ဝဲလ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားရခြင်း မရှိသေးပေမယ့် ဒီတစ်ပတ်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ဖို့ ရှိနေပြီး နောဝစ်ချ်အသင်းဘက်ကတော့ ရာသီသစ် စတင်ဖို့ တစ်ပတ်ဆယ်ရက်သာ ကျန်ရှိနေတော့တဲ့ အချိန်မှာ ကန့်ဝဲလ်လို အဓိက ကစားသမားမျိုးကို ရောင်းချဖွယ် မရှိနိုင်ပါဘူး။ ဗီလာဘက်က ကန့်ဝဲလ်ကိုသာ မခေါ်ယူနိုင်ခဲ့ရင် ဆောက်သမ်တန် ကွင်းလယ်လူ ဝက်ပရောက်စ်ကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။