အက်စတွန် ဗီလာအသင်းကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဒွန်ရယ်လ် မာလန်းကို ခေါ်ယူသွားဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
ဗီလာက ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ပြန်လည် ရရှိထားတာ ဖြစ်သလို လက်ရှိ league phase ပွဲစဉ်တွေ (၆)ပွဲအထိ ကစားထားပြီးချိန်မှာလည်း အဆင့်(၅)နေရာထိပါ ရပ်တည်ထားနိုင်တာဖြစ်လို့ ရှုံးထွက်အဆင့်တွေဆီ တက်လှမ်းချိန်မှာ ချန်ပီယံလိဂ် အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို လိုအပ်လာပါတယ်။
Photo Credit : The Telegrpah
အသက်(၂၅)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာလန်းကတော့ PSV ဒေါ့မွန်အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်ပေါင်း (၃၀)ကျော်လောက်အထိ ပါဝင်ကစားထားခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ် လူငယ်အကယ်ဒမီမှာလည်း နှစ်အနည်းငယ်ခန့် ပါဝင်ထားခဲ့သူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းထားနိုင်ခဲ့တဲ့ မာလန်းဟာ အခု ဆောင်းဈေးကွက်မှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ စီစဉ်လာရင်း သူ့ကိုလည်း ဗီလာအသင်းက ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ရာ အခုဆိုရင်တော့ ဗီလာက မာလန်းနဲ့ရော ဒေါ့မွန်နဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။
Photo Credit : Transfermarket
ဗီလာက မာလန်းကို အသင်းဆီ ခေါ်ဆောင်ဖို့အတွက် ကစားသမားဖြစ်သူနဲ့က ပုဂ္ဂိုလ်ရေး သဘောတူညီမှု စောစောစီးစီး ရရှိခဲ့တာ ဖြစ်ပေမယ့်လည်း မာလန်းအတွက် ပြောင်းရွှေ့ကြေးမှာတော့ အသင်းနှစ်သင်းကြား သဘောတူညီဖို့ စောင့်ဆိုင်းခဲ့ရရင်း နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေး ယူရို(၂၃)သန်း + အပိုဆုကြေး ယူရို(၃)သန်းနဲ့ here we go သွားခဲ့ပါတယ်။
လက်ရှိ ဗီလာတိုက်စစ်မှာ ဝက်ကင်းစ် ဒူရန် ရော်ဂျာစ် ဘေလီ ဖီလိုဂျင်းတို့ ရှိနေပေမယ့် ဖီလိုဂျင်းက အစ်ဝစ်ချ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီဖြစ်လို့ ဒီကစားသမားနေရာအတွက် မာလန်းက အစားထိုး ဝင်ရောက်လာတော့မှာ ဖြစ်သလို အာဆင်နယ်နဲ့အတူ ကစားခွင့် မရလိုက်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပါ စတင် ကျင်လည်ခွင့် ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။