MySport Myanmar

ဗီလာမှာ ဂျရတ် ကော်တင်ဟိုတို့နဲ့အတူ ပြန်လည်လက်တွဲသွားဖွယ် ရှိနေတဲ့ ဆွာရက်ဇ်

ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အပြီးမှာ အသင်းပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ် တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ လာမယ့်နွေမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပြီး သူရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ စတီဗင်ဂျရတ်နဲ့ ဖီလစ်ပီကော်တင်ဟိုတို့ရှိရာ အက်စတွန်ဗီလာအသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

အသက်(၃၅)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ ၂၀၂ဝခုနှစ်ကမှ ဘာစီလိုနာကနေ အသက်လက်တီကိုအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ပွဲဦးထွက်ရာသီမှာပဲ အသက်လက်တီကိုအသင်းနဲ့အတူ စပိန်လာလီဂါဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက်လက်တီကိုနဲ့ (၂)နှစ်စာချုပ်သာ ချုပ်ဆိုခဲ့တဲ့ ဆွာရက်ဇ်ဟာ သူရဲ့ဒုတိယရာသီဖြစ်တဲ့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိလာခဲ့ပြီး အသင်းဘက်ကလည်း သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပိုင်ဆိုင်ထားသလို အတွေ့အကြုံကောင်းတွေလည်း ကြွယ်ဝနေတဲ့ ဆွာရက်ဇ်ကို မေဂျာလိဂ် ကလပ်အသင်းများစွာက ပစ်မှတ်ထားနေကြပြီး ဆွာရက်ဇ်ကိုယ်တိုင်ကတော့ ဥရောပမှာသာ ဆက်လက်ကစားသွားချင်နေပါတယ်။ ဒီလို ဥရောပ ဘောလုံးနယ်ပယ်မှာသာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတဲ့ ဆွာရက်ဇ်ကို သူရဲ့ လီဗာပူးလ် အသင်းဖော်ဟောင်း စတီဗင်ဂျရတ်က အက်စတွန်ဗီလာအသင်းဆီ ခေါ်ဆောင်ချင်နေတယ်သလို ဆွာရက်ဇ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန် ကစားချင်နေတယ်လို့ သိရှိရပါတယ်။ ဗီလာနည်းပြ ဂျရတ်ဟာ သိပ်မကြာသေးခင်ကလည်း ကစားသမားဘဝတုန်းက သူရဲ့အသင်းဖော် ဖြစ်ခဲ့ဖူးသူ ကော်တင်ဟိုကို ဘာစီလိုနာအသင်းကနေ အပြီးသတ် ခေါ်ယူထားနိုင်ခဲ့သလို အခုလည်း သူနဲ့ရော ကော်တင်ဟိုနဲ့ပါ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ ဆွာရက်ဇ်ကိုပါ ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး ဆွာရက်ဇ်ဘက်ကနေသာ သူရဲ့ လုပ်ခလစာကို လျှော့ယူပေးနိုင်မယ်ဆိုရင်တော့ ဆွာရက်ဇ်ကို ပရီးမီးယားလိဂ်မှာ သေချာပေါက် ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။

Exit mobile version