အက်စတွန် ဗီလာအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်နဲ့ ပီအက်စ်ဂျီအသင်းက စပိန်တိုက်စစ်ကစားသမား မားကို့ အဆန်စီယိုတို့ နှစ်ဦးစလုံးကို စိတ်ဝင်စားနေကြောင်း အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဗီလာအသင်းဟာ အသင်းရဲ့ ကိုလံဘီယာ တိုက်စစ်မှူးလေး ဂျွန်ဒူရန်ကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ယူရို(၇၇)သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်ပိုင်းကို ပြန်လည် ဖြည့်တင်းဖို့ ရှိလာခဲ့ပြီး တိုက်စစ်ကစားသမား အများအပြား ပစ်မှတ်ထားနေသလို အဲ့ဒီထဲမှာ ဂျာအို ဖီးလစ်နဲ့ အဆန်စီယိုပါ ပါဝင်လာခဲ့ပါတယ်။
Photo Credit : talkSPORT
ဗီလာက တောင်ပံကစားသမား ဖီလိုဂျင်းကို အစ်ဝစ်ချ်ဆီ ရောင်းချလိုက်ပြီးချိန် ရက်ပိုင်းအတွင်းမှာပဲ ဒေါ့မွန်က နယ်သာလန် winger မာလန်းကို ချက်ချင်း ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုလည်း အသင်းကနေ ဘူအန်ဒီယာနဲ့ ဒူရန်တို့ ထွက်ခွာသွားကြချိန်မှာ တိုက်စစ်ကစားသမား အနည်းဆုံး တစ်ဦးခန့်လောက်အထိ အစားထိုး ပြန်လည် ဖြည့်တင်းသွားဖို့ စီစဥ်နေပါတယ်။
ဗီလာက ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ဒီဆာဆီကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ နောက်ထပ် ချယ်လ်ဆီးကစားသမားဖြစ်တဲ့ ဂျာအို ဖီးလစ်ကိုပါ ဆက်လက် ချိန်ရွယ်လာခဲ့ပါတယ်။ ဂျာအို ဖီးလစ်က ဗီလာအသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးပြီးတော့ လက်ရှိ ချယ်လ်ဆီးမှာလည်း ပွဲကစားခွင့်တွေ အကန့်အသတ်တွေကြောင့် မပျော်မရွှင် ဖြစ်နေရပါတယ်။
Photo Credit : The New York Times
ဗီလာအနေနဲ့ ချယ်လ်ဆီးကနေ ထွက်ခွာနိုင်တဲ့ ဂျာအို ဖီးလစ်အပြင် ပီအက်စ်ဂျီမှာ တောက်လျှောက်ဆိုသလို ပွဲကစားခွင့် နည်းပါးနေရတဲ့ အဆန်စီယိုကိုပါ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမားနှစ်ဦးအကြောင်းနဲ့ ပတ်သက်ပြီး ဗီလာ ဒါရိုက်တာ မွန်ချီက “ဂျာအို ဖီးလစ်နဲ့ မားကို့ အဆန်စီယိုတို့ နှစ်ယောက်လုံးက ပုံစံချင်း ဆင်တူတဲ့ ကစားသမားတွေ ဖြစ်သလို အူနိုင်း သဘောကျတဲ့ ကစားသမားတွေပါ။”
“နှစ်ဦးလုံးကတော့ ခေါ်ယူဖို့ မလွယ်ကူတဲ့ ကစားသမားတွေပါ။ တစ်ယောက်က လုပ်ခလစာ မြင့်မားတယ်။ တစ်ယောက်က ပြောင်းရွှေ့ကြေး များတယ်။ ဒါပေမယ်ပ ကစားသမားနှစ်ယောက်ကတော့ အူနိုင်း စိတ်ဝင်စားနေရတဲ့သူတွေဆိုတာ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဗီလာအသင်းက အခု ဆောင်းစျေးကွက် မပိတ်ခင်မှာပဲ ဂျာအို ဖီးလစ် ဒါမှမဟုတ် အဆန်စီယို ဒါမှမဟုတ် တခြား တိုက်စစ်ကစားသမား တစ်ဦးဦးကို အရ ခေါ်ယူသွားနိုင်ပါတယ်။