ပရီးမီးယားလိဂ်အသင်း တသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာက ယခုနှစ် ဘောလုံးရာသီမှာ ထင်ထားသလို ရလဒ်ကောင်းတွေ မယူနိုင်ခဲ့တဲ့နောက် အသင်းရဲ့နည်းပြ ဖြစ်သူ ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ကာ စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းနေကြောင်း အင်္ဂလန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အက်စ်တွန်ဗီလာက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေထဲမှာ တတ်နိုင်သလောက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းနဲ့ ကစားကွက်ပိုင်းက ထင်ထားသလို မကောင်းနေတာကြောင့် အသင်းရဲ့ ဘုတ်အဖွဲ့ဟာ နည်းပြဖြစ်သူ ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Standard

ဂျာရတ်ရဲ့ အက်စ်တွန်ဗီလာက ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၁၀ပွဲ ကစားထားရာ ၂ပွဲနိုင် ၃ပွဲသရေ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့်၁၆နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ အက်စ်တွန်ဗီလာရဲ့ တာဝန်ရှိသူတွေက ဂျာရတ်ရဲ့ နေရာကို အစားဝင်မယ့် နည်းပြတဦးကို စတင် ရှာဖွေနေပြီး အက်စ်တွန်ဗီလာ ဘုတ်အဖွဲ့ဟာ ဂျာရတ်ရဲ့ နေရာအတွက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနိုကို ခန့်အပ်ဖို့ စိတ်ဝင်စားနေသလို ပိုချက်တီနိုရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှု တချို့ပါ ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက ဆိုပါတယ်။

Photo Credit: Standard

Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်စ်တွန်ဗီလာက ဂျာရတ်ကို မကြာခင်မှာပဲ ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားပြီး ဂျာရတ်ရဲ့ နေရာအတွက် ပိုချက်တီနိုကို နံပါတ်တစ် ဦးစားပေး နည်းပြအဖြစ် သတ်မှတ်ထားကာ ပိုချက်တီနိုထံ ဆက်သွယ်မှုတွေလည်း လုပ်ထားပြီး ပိုချက်တီနိုကတော့ အက်စ်တွန်ဗီလာရဲ့ ချိတ်ဆက်မှုတွေကို ပြန်လည် တုံ့ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မကြာသေးမီကမှ ပီအက်စ်ဂျီ ကနေ ထွက်ခွာလာတဲ့ ပိုချက်တီနိုက လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့် အက်စ်တွန်ဗီလာလို အသင်းငယ် တသင်းဆီ ပြောင်းရွှေ့ဖို့ထက် အသင်းကြီး တသင်းကိုသာ ကိုင်တွယ်ချင်နေတာကြောင့် အက်စ်တွန်ဗီလာအနေနဲ့ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ မလွယ်ကူကြောင်း ပိုချက်တီနိုနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။