ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ပရိသတ်တွေ လုံးဝ အ့ံအားသင့်ခဲ့ရတဲ့ ပွဲစဉ်နှစ်ပွဲ ရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ် နှစ်ပွဲကတော့ မန်ယူ ၁-၆ စပါးပွဲစဉ်နဲ့ အက်စ်တွန်ဗီလာ ၇-၂ လီဗာပူး အသင်းတို့ရဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်းမဆင်းရဖို့ အတွက် နောက်ဆုံးပွဲစဉ်အထိ ရုန်းကန် ခဲ့ရတဲ့ ဗီလာအသင်းက အိမ်ကွင်း ဗီလာပါ့တ်မှာ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကို ဂိုးပြတ်နိုင်ခဲ့တာက ကမ္ဘာ့ ဘောလုံးပရိသတ််တွေ အားလုံးကို အလွန်အမင်း အံ့အားသင့်စေခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါပွဲစဉ်ရဲ့ ရလဒ်ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ မှတ်တမ်းတစ်ခုဟာ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Yahoo Sports

အဆိုပါမှတ်တမ်း ကတော့ ဗီလာအသင်းက လီဗာပူးအသင်းကို အံ့အားသင့်စဖွယ် ကောင်းတဲ့ ရလဒ်တွေနဲ့ အနိုင်ရတိုင်း လီဗာပူးအသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ အဲဗာတန်အသင်းဟာ အမှတ်ပေး ချန်ပီယံဆုကို ရရှိလေ့ ရှိတယ်ဆိုတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အဆင့်မြင့်တန်း ဖလားကို ၉ကြိမ်အထိ ရရှိခဲ့ဖူးပြီး အဆိုပါ ၉ကြိမ်အနက် ၁၉၁၄-၁၉၁၅ နဲ့ ၁၉၃၁-၁၉၃၂ ဘောလုံးရာသီတွေဟာ ဗီလာအသင်း ၊ လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုလေးတွေ ဖြစ်လာတဲ့ ရာသီတွေပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆိုပါ ဘောလုံးရာသီ နှစ်ခုစလုံးမှာ ဗီလာအသင်းဟာ လီဗာပူးအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သလို အဲဗာတန်အသင်းကလည်း ချန်ပီယံ ဖြစ်ခဲ့တာကြောင့်ပါ။

Photo Credit: Yahoo Sports

မှတ်တမ်းတွေအရ ၁၉၁၄-၁၅ ဘောလုံးရာသီမှာ ဗီလာအသင်းဟာ လီဗာပူးအသင်းကို ၆-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဲဗာတန်အသင်းဟာလည်း အမှတ်ပေးဖလားကို ရရှိခဲ့ပါတယ်။ ၁၉၃၁-၃၂ ဘောလုံးရာသီ မှာလည်း ဗီလာအသင်းဟာ လီဗာပူးအသင်းကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အဲဗာတန်အသင်းက ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဗီလာအသင်းက လီဗာပူးအသင်းကို ၇-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယခုရာသီမှာရော အဲဗာတန်အသင်းက ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမလား ဆိုတာ ပရိသတ် အများအပြား က စိတ်ဝင်စားနေကြပါတယ်။ တိုက်ဆိုင်မှု တစ်ခုလို့ ဆိုရလောက်အောင်ပဲ လက်ရှိ ဘောလုံးရာသီမှာ အဲဗာတန် အသင်းက ၄ပွဲကစား ၄ပွဲနိုင် ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်တာကြောင့် ရာသီကုန်မှာ အဲဗာတန်အသင်း အနေနဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ် ဖလားကို အရယူသွားမလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာပါ။