အက်စတွန် ဗီလာအသင်းကတော့ အာဆင်နယ် ကစားသမားဟောင်းလည်းဖြစ် လက်ရှိ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမားလည်းဖြစ်တဲ့ ဒွန်ရယ်လ် မာလန်းကို အင်္ဂလန်မြေဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေပါတယ်။

အသက်(၂၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် တောင်ပံတိုက်စစ်ကစားသမား မာလန်းဟာ ၂၀၁၅ကတည်းက အေဂျက်စ် လူငယ်အသင်းကနေ အာဆင်နယ် လူငယ်အကယ်ဒမီဆီ ရောက်လာခဲ့ပြီး အာဆင်နယ် လူငယ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် စီနီယာအသင်းကြီးမှာ ကစားခွင့် မရခဲ့တာကြောင့် ၂၀၁၇မှာပဲ PSV ဆီ ရောက်သွားခဲ့ပါတယ်။

Photo Credit : Transfermarket

နယ်သာလန်ကလပ် PSV အသင်းနဲ့ ခြေစွမ်းပြလာတဲ့ မာလန်းကို ၂၀၂၁မှာတော့ ဒေါ့မွန်အသင်းက (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး မာလန်းကလည်း ဒေါ့မွန်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ အခုတော့ ဒေါ့မွန်နဲ့ မာလန်းတို့ဟာ လက်တွဲဖြုတ်ဖို့ စီစဉ်နေကြပြီ ဖြစ်သလို မာလန်းကို အသင်းတော်တော်များများက စောင့်ကြည့်လာပါတယ်။

လတ်တလောမှာ မာလန်းကို ခေါ်ယူဖို့ အမှန်အကန် ကြိုးပမ်းနေတာက ဗီလာအသင်းဖြစ်ပြီး မာလန်းအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ယူရို (၁၆)သန်း + အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ဒေါ့မွန်အသင်းဘက်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဗီလာကလည်း မာလန်းအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေးကို (၂)သန်းထပ်တိုးပြီး ယူရို (၁၈)သန်း + အပိုဆုကြေးတို့နဲ့ ထပ်မံ ကမ်းလှမ်းလိုက်ပါသေးတယ်။ ဒေါ့မွန်ကတော့ သူတို့ကစားသမားအတွက် ယူရို သန်း(၂၀)ကျော်အထိ အလိုရှိနေတာ ဖြစ်ပေမယ့်လည်း ဗီလာရဲ့ လက်ရှိ ကမ်းလှမ်းမှုကိုတော့ မပယ်ချသေးဘဲ ရှိနေပါတယ်။

မာလန်းကတော့ ကစားသမားဘဝမှာ တစ်ကြိမ်တစ်ခါမှ မယှဉ်ပြိုင်ခဲ့ရဖူးသေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ဆင်နွဲဖို့ စိတ်အားထက်သန်နေပြီး ပရီးမီးယားလိဂ်က အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဗီလာအသင်းဆီကိုလည်း ပြောင်းရွှေ့ချင်နေပါတယ်။ ဗီလာကလည်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းနေတာမို့ မာလန်းလို ချန်ပီယံလိဂ် အတွေ့အကြုံရှိ ကစားသမားမျိုးကို လိုအပ်နေပါတယ်။