ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာအသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် ကော်တင်ဟိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် ဘာစီလိုနာ အသင်းဆီ ရောက်ရှိပြီးနောက် ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Express

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းထံ ရောက်ရှိပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ ကစားခဲ့ပေမယ့်လည်း ယခင်ကလို အမြင့်မားဆုံး ခြေစွမ်းကို ပြန်မရခဲ့ပါဘူး။

ဒါကြောင့်ပဲ ကော်တင်ဟိုဟာ သူ့ရဲ့ အောင်မြေ ဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တချိန်က အသင်းဖော်ဟောင်း ဂျာရတ် ကိုင်တွယ်နေတဲ့ အက်စ်တွန်ဗီလာ အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အက်စ်တွန်ဗီလာ အသင်းဟာ ကော်တင်ဟိုကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ ကော်တင်ဟိုကို ခေါ်ယူနိုင်ကြောင်းကို ယနေ့ညပိုင်းမှာပဲ ကြေညာဖွယ် ရှိကြောင်း သိရပါတယ်။