ဂျူဗင်တပ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ခရစ်ရှင် ဗီအီးရီ ကတော့ ဘာစီလိုနာ ရဲ့ ကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ကို ဘောလုံးလောကရဲ့ ဟယ်ရီပေါ်တာ လို့ ဂျုဗင်တပ် နဲ့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ချီးကျုးသတ်မှတ်လိုက်ပါတယ်။ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအနေနဲ့ ဂျုဗင်တပ် ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲမှာ အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၁၄ မိနစ်လောက်မှာ ဒမ်ဘီလီ က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၉၁ မိနစ် အရောက်မှာတော့ မက်ဆီကပဲ ပင်နယ်တီကနေ တဆင့် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ဘာစီလိုနာ အနေနဲ့ ၂ ပွဲ ကစားပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စု G မှာ ထိပ်ဆုံးက ဦးဆောင်ထားပါတယ်။

Photo Credit: Goal

၁၉၉၆-၉၇ ခုနှစ်က ဂျုဗင်တပ် အသင်းနဲ့ စီးရီးအေ ဖလား ရယူနိုင်ခဲ့တဲ့ အီတလီ လက်ရွေးစင် ကစားသမား ဗီအီးရီ ကတော့ မက်ဆီ ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ချီးကျုးသွားခဲ့ပါတယ်။ “ အံ့ဩစရာ ကောင်းလိုက်တဲ့ ဘာစီလိုနာ။ သူတို့ ၆ ဂိုး ၇ ဂိုး လောက် ‌လွယ်လွယ်လေး သွင်းနိုင်တယ်။ သူတို့ ကစားတာ နှစ်သက်စရာကောင်းတယ်။ မက်ဆီက မှော်ဆရာ တစ်ဦးပါ။ သူက ဘောလုံးလောက ရဲ့ ဟယ်ရီပေါ်တာ ပဲ။ သူ အနားယူတဲ့ အချိန်ရောက်ရင်တော့ ကျွန်တော့် တီဗီ ကို လွှင့်ပစ်မှာပါ။ ကျွန်တော် ရုပ်သံအစီစဉ်ပေါ်မှာလည်း အလုပ်မလုပ်တော့ဘူး။ ကျွန်တော် Netflix ပဲ ကြည့်တော့မယ်။ ဘာလို့လဲဆိုရင် သူသာ အနားယူရင် တစ်ခြား ကြည့်စရာ ဘာမှ မရှိလို့ပါ ”

Photo Credit: Goal

ဆက်လက်ပြီး ဗီအီးရီက ဂျူဗင်တပ်အသင်းနဲ့ ပွဲစဉ်က ဘာစီလိုနာ အသင်းရဲ့ ကစားပုံကို အတော်လေး သဘောကျတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။ “ ဒါက နောက်ထပ် ဘောလုံးပွဲ တစ်ပွဲပါပဲ။ နောက်ထပ် ကစားပွဲပါ။ သူတို့ ဘာလို့ ရီးရယ်မက်ဒရစ်ကို ရှုံးခဲ့လဲဆိုတာကိုတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် မင်းအနေနဲ့ ဂျုဗင်တပ်နဲ့ ပွဲက ကစားပုံကို ကြည့်လိုက်မယ်ဆိုရင် မင်းအနေနဲ့ သူတို့ ဒီနှစ်မှာ ဘယ်အသင်းကိုမှ ရှုံးမှာ မဟုတ်ဘူးလို့ ပြောမှာ အသေအချာပဲ။ သူတို့ ကစားပုံနဲ့ဆို ဘယ်အသင်းမှ မယှဉ်နိုင်ပါဘူး။ ပွဲတိုင်းကမတူကြဘူး။ ဒါပေမယ့် ကျွန်တော် မြင်တဲ့ ဘာစီလိုနာက အားလုံး မယုံနိုင်လောက်အောင်ပါပဲ။ မင်းမှာသာ ဒီလို နံပါတ် ၁၀ ကစားသမားမျိုးသာ ရှိလို့ကတော့ လုံးဝ ရူးချင်စရာပါပဲ။ ဒီမှာ ပရိသတ်တွေ မရှိတာကတော့ ဝမ်းနည်းစရာပါပဲ။ ပရိသတ်တွေကို ဒီလို အသင်းမျိုးရဲ့ ကစားပုံကို ကြည့်စေချင်တယ် ”