MySport Myanmar

ဘာကာ ဂျုဗီတို့ကြောင့် ဇာဟာ မတည်မငြိမ် ဖြစ်နေနိုင်တယ်လို့ ဗီယာရာ သုံးသပ်

ဘာစီလိုနာ ဂျုဗင်တပ်စ်တို့လို ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား ဇာဟာ ဟာ ဒီအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့အတွက် အခုအချိန်မှာ မတည်မငြိမ် ဖြစ်နေနိုင်တယ်လို့ ပဲလေ့စ်နည်းပြ ပက်ထရစ်ဗီယာရာက သုံးသပ် ပြောကြားလိုက်ပါတယ်။

Photo Credit : Sky Sports

ပဲလေ့စ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အသက်(၂၉)နှစ်အရွယ်ရှိ တောင်ပံတိုက်စစ် ကစားသမား ဇာဟာက လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်သလို ဇာဟာကလည်း ပဲလေ့စ်နဲ့ သက်တမ်းတိုးဖို့ အခြေအနေ မရှိတာကြောင့် သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား ဇာဟာကို ချယ်လ်ဆီး အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေတဲ့အပြင် ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်တို့ကပါ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Football London

ဒီလို ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဇာဟာ ဟာ ဒီအသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် သူရဲ့လက်ရှိ ခြေစွမ်းပိုင်းတွေပါ မတည်မငြ်ိမ် ဖြစ်လာခဲ့မယ်ဆိုရင်လည်း ဒါဟာ အံ့အားသင့်စရာ မရှိဘူးလို့ ပဲလေ့စ်နည်းပြ ဗီယာရာက မှတ်ချက်ပြုလိုက်ပါတယ်။ “ပရီးမီယားလိဂ်မှာ ပါဝင်ကစားနေတဲ့ ဘယ်ကစားသမားကိုမဆို ဒီကလပ်အသင်းတွေအကြောင်း မေးလိုက်တယ်ဆိုတာနဲ့ အဲ့ဒါက သူတို့အပေါ် သက်ရောက်မှုတွေ ရှိလိမ့်မှာပဲ။ သူရဲ့ အနာဂတ်က သူ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတာပါ။ နောက်နှစ်တွေ ဒီမှာ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာ သူ့ကို ပြသနိုင်ဖို့အတွက် ကျွန်တော် လုပ်ဆောင်နိုင်ဖို့ လုပ်သွားရပါမယ်” လို့ နည်းပြဗီယာရာက ပြောကြားလိုက်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမား ဇာဟာ ဟာ ဒီနှစ်ရာသီမှာ ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၅)ဂိုး သွင်းယူထားပြီး အသင်းအတွက် အဓိက ကစားသမားနေရာကနေ အထူး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာဟာက ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ သက်တမ်းကုန်ချိန်မှာ အသင်းနဲ့ လမ်းခွဲဖို့သာ များနေရပါတယ်။

Exit mobile version