ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ခရစ္စတယ် ပဲလေ့စ်ကို ကိုင်တွယ်နေတဲ့ ပက်ထရစ် ဗီအဲရာကတော့ ယခု နွေဈေးကွက် အတွင်းမှာ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ပြင်သစ် ဂန္တဝင် ကွင်းလယ်လူ ပက်ထရစ် ဗီအဲရာက ကစားသမားဘဝ ကနေ အနားယူပြီးနောက် အောင်မြင်တဲ့ နည်းပြတဦး ဖြစ်လာအောင် ကြိုးစားနေသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ ကိုင်တွယ်တဲ့ ခရစ္စတယ် ပဲလေ့စ်က ထိုက်သင့်တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

 

Photo Credit: Sky Sports

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေတာကြောင့် အေဂျက်ကို အကောင်းမွန်ဆုံး ကိုင်တွယ်ခဲ့တဲ့ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို ကာလရှည် စာချုပ်တရပ်နဲ့ နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ထားကာ အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံက သိသိသာသာ တိုးတက်လာတာကိုလည်း ခြေစွမ်းပွဲ ၂ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ခရစ္စတယ် ပဲလေ့စ်ရဲ့ နည်းပြဖြစ်သူ ပက်ထရစ် ဗီအဲရာက အချိန်ခဏလေး အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ တန်ဟက်ဂ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပြီး တန်ဟက်ဂ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်စွမ်း ရှိသလို ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်ပါ စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

 

Photo Credit: Sky Sports

ဗီအဲရာက – “မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံကို ကြည့်လိုက်ရင် နည်းပြသစ်က သူ လိုချင်တဲ့ ကစားဟန်ကို သွတ်သွင်းထားနိုင်ပြီ ဆိုတာ သေချာ မြင်နိုင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ကစားသမား တဦးချင်းစီရဲ့ အရည်အသွေးတွေကလည်း အတော်လေး ကောင်းမွန်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အရင်တုန်းက ချန်ပီယံဆု အတွက်ပဲ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းပါ။ ဒါကြောင့် ဒီနှစ်မှာတော့ သူတို့အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့နဲ့ လိဂ်ချန်ပီယံ ဖြစ်ဖို့ တိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ သုံးသပ် ခန့်မှန်းသွားခဲ့တာပါ။