ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမားသစ် ဗီအဲရာကတော့ ယမန်နေ့ညနေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၀-၃ အာဆင်နယ် ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို လှပတဲ့ အဝေးကန်ချက်နဲ့အတူ ရယူသွားနိုင်ခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဗီအဲရာက ပိတ်သိမ်းသွားတဲ့ နွေဈေးကွက် အတွင်းမှာမှ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Express

ဗီအဲရာဟာ နွေဈေးကွက် အစောပိုင်းထဲက အာဆင်နယ်ဆီ ရောက်ရှိလာသူ ဖြစ်ပေမယ့် ပေါ်တိုကနေ ပြောင်းရွှေ့လာချိန်ကတည်းက ပါလာတဲ့ ဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေ အပါအဝင် ရာသီအစ ပွဲစဉ်တချို့ကိုပါ လွဲချော်ခဲ့ရပြီး ယူရိုပါလိဂ် အဖွင့်ပွဲ ရောက်မှသာ အာဆင်နယ် အတွက် ဝင်ရောက် ကစားပေးနိုင်ခဲ့ပါတယ်။

ယမန်နေ့မှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာတော့ ဗီအဲရာက ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ နေရာကို အစားထိုး ဝင်ရောက် ကစားခွင့် ရခဲ့ပြီး ပွဲအတွင်းမှာ အိုဒီဂတ်လောက် အသင်းဖော် တိုက်စစ်မှူးတွေနဲ့ တွဲဖက် ကစားပေးနိုင်ခြင်း မရှိခဲ့ပေမယ့် လှပတဲ့ ရော့ကတ်ခ်ကန်ချက် သွင်းဂိုးနဲ့အတူ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူရင်း မျက်နှာပန်းလှခဲ့ပါတယ်။

Photo Credit: Express

ပွဲပြီးဆုံးချိန်မှာတော့ ဗီအဲရာက သူ့ရဲ့ သွင်းဂိုးဟာ လှပပေမယ့် ကံကောင်းလို့သာ ရသွားခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို အသင်းအတွက် ပထမဦးဆုံး သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ပြောကြားလာပါတယ်။

ဗီအဲရာက – “ကံကောင်းလို့ ဂိုးရသွားတာဗျ။ (ရယ်လျက်) ကျွန်တော်က အသင်းအတွက် ပထမဦးဆုံး သွင်းဂိုး ရယူနိုင်ခဲ့လို့ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့က ရာသီအစကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ဒီလိုမျိုး ရလဒ်ကောင်းတွေ ရအောင် ဆက်လက် ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ လူတိုင်းက အသင်းအတွက် အားကုန်ထုတ် ကြိုးစား ကစားပေးနေကြပါတယ်။ ကျွန်တော်တို့တွေ ဒီလိုမျိုး ကြိုးစားမှုကို ရာသီကုန်ချိန် အထိ ထိန်းသိမ်းသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။