ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်ရဲ့ နည်းပြဖြစ်သူ ဗီအဲရာကတော့ သူ့ရဲ့ အသင်းဟောင်းလည်းဖြစ် ၊ ယနေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် အသင်းလည်း ဖြစ်တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ သုံးသပ်သွားခဲ့ပါတယ်။

ဗီအဲရာက အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် အချိန်အတော်ကြာ တာဝန်ယူ ကစားခဲ့သူ တဦး ဖြစ်သလို အသင်းအပေါ် ထားတဲ့ သစ္စာရှိမှုနဲ့ ချစ်ခင်မှုတို့ကြောင့် အာဆင်နယ်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းထဲ ဝင်ထားသူပါ။

Photo Credit: Standard

ဗီအဲရာက ယမန်နှစ် ဘောလုံးရာသီမှ စတင်ကာ ခရစ္စတယ် ပဲလေ့စ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ခရစ္စတယ် ပဲလေ့စ်ရဲ့ ကစားပုံက အတော်လေး တိုးတက်လာခဲ့သလို တဖက်မှာလည်း အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ ဂျေဇူး ၊ ဇင်ချန်ကို ၊ ဖေဘီယို ဗီအဲရာတို့လို ကစားသမားတွေကို ခေါ်ယူထားနိုင်မှုကြောင့် ကစားသမား အင်အား အတော်လေး တောင့်တင်းလာတဲ့ အသင်းပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အာဆင်နယ်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေက အတော်လေး အားရစရာ ကောင်းပြီး သူတို့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အလွယ်တကူ ရရှိလိမ့်မယ်လို့ သုံးသပ်ထားကြပြီး ဗီအဲရာကလည်း အာဆင်နယ်ရဲ့ လူအင်အား တောင့်တင်းလာမှုကြောင့် အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဗီအဲရာက – “အာဆင်နယ်က ကစားသမားသစ်တွေကြောင့် အရင်ထက် ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ ပြီးတော့ သူတို့က အရမ်းကို ကောင်းမွန်တဲ့ ရာသီကြို ပြင်ဆင်မှု တရပ်ကိုလည်း ရထားပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူတို့ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ ရာသီထက် ပိုမြင့်တဲ့ အဆင့်တခုဆီ ရောက်လိမ့်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ လူစာရင်း တရပ်ကို ပိုင်ဆိုင်ထားသလို သူတို့က ချန်ပီယံဆုနဲ့ ပိုပြီး နီးစပ်လာနေပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။