ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ ပြင်သစ်တို့ရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ခရစ္စတယ် ပဲလေ့စ်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဗီအဲရာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို လှောင်ပြောင်မှုတွေ လုပ်ခဲ့တဲ့ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်အား အရူးကောင်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြရာ သာမန် ပွဲကစားချိန် အတွင်းမှာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့သလို အချိန်ပို ဆက်ကစားခဲ့ရာမှာလည်း ၁-၁ ဆိုတဲ့ သရေရလဒ် ထပ်မံ ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ အာဂျင်တီးနားက ပြင်သစ်ကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကမ္ဘာ့ချန်ပီယံ ဂုဏ်ပုဒ်ကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါပွဲမှာ ပြင်သစ်အတွက် သွင်းဂိုး ၃ဂိုးစလုံးကို ကိုင်လီယန် အမ်ဘာပေ တဦးထဲက သွင်းယူပေးခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာလည်း အမ်ဘာပေက သူ တာဝန်ယူ ကန်သွင်းရတဲ့ ပင်နယ်တီကို ဂိုးပိုက်နဲ့ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အမ်ဘာပေက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မာတီနက်ဇ် တာဝန်ယူ စောင့်ရှောက်နေတဲ့ အာဂျင်တီးနား ဂိုးပေါက်ထဲကို ၄ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့်ပဲ မာတီနက်ဇ်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ အမ်ဘာပေကို တောက်လျှောက် လှောင်ပြောင်နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ မာတီနက်ဇ်ရဲ့ အမ်ဘာပေအပေါ် လှောင်ပြောင်မှုတွေနဲ့ ပတ်သတ်ပြီး ဝေဖန်သံတွေ ထွက်ပေါ်နေသလို ပြင်သစ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ဗီအဲရာကလည်း မာတီနက်ဇ်ဟာ ရူးနေလို့သာ အမ်ဘာပေကို လှောင်နေခဲ့တာလို့ ခပ်ပြင်းပြင်း ဝေဖန်လိုက်ပါတယ်။

ဗီအဲရာက – “ကျွန်တော်က အာဂျင်တီးနား ဂိုးသမားရဲ့ ဓာတ်ပုံတချို့ကို (အမ်ဘာပေကို လှောင်ပြောင်ခဲ့တဲ့ ဓာတ်ပုံတွေ) မြင်ခဲ့ရပါတယ်။ အာဂျင်တီးနား ဂိုးသမားရဲ့ လုပ်ရပ်တွေက အာဂျင်တီးနားရဲ့ အောင်မြင်မှုကို ပိုပြီး အရောင်မှိန်သွားစေပါတယ်။ ကျွန်တော်ကတော့ ဗိုလ်လုပွဲ တပွဲကို နိုင်ပြီးရင် ဒီလိုမျိုး လုပ်ဖို့ လိုအပ်တယ်လို့ မထင်ပါဘူး။ တခါတလေ ကစားသမားတွေက စိတ်ဓာတ်ပိုင်းနဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်က အမ်ဘာပေကို လှောင်ပြောင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ရူးနှမ်းနှမ်း ဆုံးဖြတ်ချက် တခုပါ။ ကျွန်တော်ကတော့ သူ့ရဲ့ လုပ်ရပ်အတွက် အတော်လေးကို စိတ်ပျက်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။