ဆာဘီးယားအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ဗဟိုနောက်ခံကစားသမားဟောင်း နီမန်ဂျာဗီဒစ်ဟာ ဘောလုံးသမားဘဝကနေ အနားမယူခင်တုန်းက ပရီးမီးယားလိဂ်မှာသာမကပဲ ဥရောပရဲ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ်ပါ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ယူနိုက်တက်မှာတော့ ဖာဒီနန်နဲ့တွဲဖက်ကာ အကျစ်လစ်ဆုံး ခံစစ်အတွဲအဖက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဗီဒစ်ဟာ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက ပြိုင်ဘက်ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီထဲကမှ သူ့အတွက် အခက်ခဲဆုံးဖြစ်ခဲ့ရတဲဲ့ ပြိုင်ဘက်ကတော့ ဖာနန်ဒိုတောရက်စ်ဖြစ်ခဲ့ရပါတယ်။

ဆာဘီးယားလက်ရွေးစင်ဟောင်း နောက်ခံလူလည်းဖြစ် ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်ခဲဲ့တဲ့ ဗီဒစ်ဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်တုန်းက ဒရော့ဘာ တောရက်စ် ဗန်ပါစီ အဂူရိုတို့လို တိုက်စစ်ကစားသမားကောင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲဲ့ရတာဖြစ်ပြီး ဒီထဲကမှ ဗီဒစ်နဲ့ဆုံတိုင်းလိုလိုမှာ ဗီဒစ်ကိုအမြဲဒုက္ခပေးတတ်သူကတော့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း တောရက်စ်ဖြစ်ခဲ့ရပါတယ်။ သူရဲ့ပြိုင်ဘက်ဟောင်းနဲ့ပတ်သက်ပြီး ဗီဒစ်က “တောရက်စ်က ထိပ်သီးကစားသမားတစ်ယောက်ပါ။ အဲ့ဒီအချိန်တုန်းကဆို သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးလို့တောင် ဆိုနိုင်ပါတယ်”

“သူက ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ သွင်းဂိုးအနည်းငယ်လောက်ကို သွင်းယူခဲ့ထားပါသေးတယ်။ ပရီးမီးယားလိဂ်မှာတော့ ဒရော့ဘာလို တိုက်စစ်မှူးမျိုးနဲ့ ရင်ဆိုင်ရချိန် ကောင်းကောင်းပြန်ကစားနိုင်တဲ့ပွဲလည်း ရှိသလို ခြေစွမ်းမပြနိုင်တဲ့ ပွဲဆိုတာလည်း ရှိတာပဲ။ တောရက်စ်နဲ့ ယှဉ်ကစားရတော့လည်း အဲဲ့ဒီအတိုင်းပါပဲ။ ဒါက ပရီးမီးယားလိဂ်ပဲလေ။ ဒီလိဂ်မှာတော့ သင်က အပတ်စဉ်တိုင်းလိုလို ထိပ်တန်းတစ်ယောက် ဖြစ်မနေနိုင်ဘူး။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်ကို ကျွန်တော်အရမ်းသဘောကျတာ။ ဒီတစ်ပတ်မှာ ဒရော့ဘာလို ပြိုင်ဘက်မျိုးနဲ့ ဆုံထားရပေမယ့် နောက်ရက်သတ္တပတ်တွေမှာ တောရက်စ် အဂူရိုတို့လို ကစားသမားတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရတတ်ပါတယ်။ ကျွန်တော့်ကို တိုက်ရိုက်ကြည့်ရှုနေတဲဲ့ ပရိသတ်တွေက ကျွန်တော့်ကို လူကောင်ကြီးလွန်းတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့ထင်သလောက် လူကောင်မကြီးပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။