အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ ချီလီ လက်ရွေးစင် ကွင်းလယ်လူ ဗီဒယ်ကတော့ ယနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး အင်တာမီလန် အသင်းရဲ့ ပရိသတ်တွေ ၊ ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေနဲ့ အောင်ပွဲခံသွားမယ် လို့ ပြောဆို သွားခဲ့ပါတယ်။ အင်တာမီလန် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နှစ်ပွဲ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးတဲ့ အသင်းတွေ ဖြစ်ကြပြီး အင်တာမီလန် အသင်းဟာ ကစားခဲ့ရတဲ့ နှစ်ပွဲစလုံး သရေရလဒ် ထွက်ပေါ်ခဲ့ကာ ရီးရဲလ်မက်ဒရစ် အသင်းကတော့ တစ်ပွဲသရေ ၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင် ထားပါတယ်။

Photo Credit: Marca

ဒါ့ကြောင့် ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက်ရော အင်တာမီလန် အသင်းအတွက်ပါ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေပြီး ယနေ့ပွဲစဉ်မှာ ရှုံးသွားတဲ့ အသင်းဟာ လက်ရှိရာသီမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ ခက်ခဲ သွားနိုင်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အင်တာမီလန် အသင်းဘက်က အားထားရတဲ့ တိုက်စစ်မှူးဖြစ်တဲ့ လူကာကူဟာ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပဲ လူကာကူ မပါရင် တိုက်စစ်ပိုင်း အားနည်းသွားတတ်တဲ့ အင်တာမီလန် အသင်းဟာ အဝေးကွင်း မှာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဗီဒယ်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်မှုတွေ ပြင်းထန် နေပါတယ်။

 

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်နဲ့ ပတ်သတ်ပြီး ဗီဒယ်က “ ဒါက ပွဲကောင်းတစ်ပွဲပါ။ ကျွန်တော်က ဘာစီလိုနာ အသင်းနဲ့ အတူ ကောင်းမွန်တဲ့ ဘောလုံးရာသီ နှစ်ခုကို ရရှိခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရပြီး အင်တာမီလန် ပရိသတ်တွေ ၊ ဘာစီလိုနာ ပရိသတ်တွေနဲ့ အောင်ပွဲခံနိုင်ဖို့ မျှော်လင့် ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဗီဒယ်က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းနဲ့အတူ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်ဖလား ရရှိသွားတဲ့ အတွက် ပျော်ရွှင်မိတယ် လို့ ဆိုသွားခဲ့ပါတယ်။